စက်သုံးဆီအကျပ်အတည်းကြောင့် တစ်နိုင်ငံလုံး သမဝါယမခေတ်ကဲ့သို့ တန်းစီရသည့်ခြေနေ ပြန်ရောက်

ဓာတ်ပုံ-ပေးပို့
ပုံစာ-မန္တလေးမြို့ရှိ စက်သုံးဆီတန်းစီနေကြသူများအား တွေ့ရစဥ်

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် မြန်မာနိုင်ငံ၌ စက်သုံးဆီအကျပ်အတည်းများ ရိုက်ခတ်လာပြီး ယခင်သမဝါယမခေတ်ကဲ့သို့ တန်းစီရသည့်အပြင် လိုအပ်သလောက် ဝယ်ယူ၍မရရှိမည်ကို စိုးရိမ်နေကြရကြောင်း သိရှိရသည်။

လက်ရှိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့အပါအဝင် နယ်မြို့အများစုတွင် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်နေကြပြီး ဝယ်ယူရာ၌လည်း တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေကြရကြောင်း သိရသည်။

“အခုက စစ်တပ်ထိုင်တဲ့ နေပြည်တော်မှာလည်း တန်းစီနေရပြီ။ ရန်ကုန်က အသိတစ်ယောက်ဆို ဓာတ်ဆီတန်းစီနေရလို့ သူ့အမေနေမကောင်းတာတောင် ပြန်လို့မရဘူးဖြစ်နေတယ်။ အခု စုံ၊ မရက်ခွဲတော့ ပိုဆိုးတာပေါ့။ နယ်မြို့တွေမှာလည်း မရတော့ဘူး၊ အကုန်ခက်ခဲကုန်ကြပြီ။ ဆီမရလို့ စက်ဘီးစီးမယ်ဆိုလည်း ဈေးတွေက မြောက်တက်နေပြီ။ လမ်းလျှောက်ဖို့ပဲ ကျန်တယ်” ဟု မန္တလေးမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ မတ် ၇ ရက်မတိုင်မီအထိ စက်သုံးဆီဝယ်ယူဖြည့်တင်းလိုသူ များပြားနေကာ ဆီဆိုင်များတွင်လည်း ဆိုင်ကယ်နှင့် ကားတန်းများ ရှည်လျားစွာ တန်းစီနေကြရသည်။

“ကျွန်မတို့ငယ်ငယ်က မနက် ဆီရဖို့ကို ဆိုင်ကယ်တွေ ညကြီးသန်းခေါင်ထိ တန်းစီရတယ်။ ဆိုင်ကယ်တွေပျောက်ကြတယ်၊ ရန်တွေဖြစ်ကြတယ်။ တစ်ခါတန်းစီမှ တစ်ဂါလန်ပဲရတာ၊ အဲ့ဒါကလည်း တစ်ပတ်စာပေါ့။ မှောင်ခိုဈေးကွက်တွေ ပြန်ပေါ်လာတာမျိုးတွေလည်း ရှိလာမှာပဲ။ အဲ့ဒီခေတ်ကို ပြန်မသွားချင်ဘူး” ဟု မိတ္ထီလာမြို့မှ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

စက်သုံးဆီအနေဖြင့် ဖူလုံနိုင်သည့်အတိုင်းအတာရှိပြီး အရောင်းဆိုင်များကိုလည်း ပုံမှန်ခွဲဝေဖြန့်ဖြူးပေးနေသဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက Voice Of Myanmar သတင်းဌာနကို ၂၀၂၆ ခုနှစ်၊ မတ် ၃ ရက်၌ ဖြေကြားထားသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ မတ် ၃ ရက်မှစ၍ ထိုင်း၏ စက်သုံးဆီတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ၊ ကရင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ရှိ တာချီလိတ်၊ ကျောက်မဲ၊ နမ္မတူ၊ လားရှိုးမြို့တို့အပြင် တအာင်းတပ် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင်လည်း စက်သုံးဆီဝယ်ယူ၍မရတော့ဘဲ ဆိုင်အချို့ ပိတ်ထားရကြောင်း သိရသည်။

“ဝတို့၊ တရုတ်တို့ဘက်ကနေ ဆီက ဝင်တာကိုး။ ကိုးကန့်က လားရှိုးအထွက်ကနေ ပိတ်တယ်၊ ကွတ်ခိုင်အဝင်တွေလည်း ပိတ်တယ်။ အဓိက ချင်းရွှေဟော်ဘက်ကလာတဲ့ဟာတွေ ပိတ်တာပေါ့။ နမ့်ခမ်း၊ မူဆယ် ၁၀၅ မိုင်တို့ဘက်ကနေ ဆီက မဝင်ဘူး။ ခါတိုင်းဆို မိုးကုတ်ဘက်ကနေ၊ အညာဘက်ကနေ ပတ်ဝင်သေးတယ်လေ။ အခုက အဲ့ဒီဘက်ကလည်း မဝင်တော့ တိုင်ပတ်ကုန်တာပေါ့” ဟု ကွတ်ခိုင်မြို့မှ ကုန်ကားသမားတစ်ဦးက ဆိုသည်။

ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးကလည်း “တအာင်းဒေသကို အကုန်လုံး ကိုးကန့်က ပိတ်ထားသလို ဖြစ်နေတာပေါ့။ စက်သုံးဆီ၊ ဆေးဝါး၊ စားသောက်ကုန်မရတာပေါ့။ လူထုဒုက္ခရောက်တာပေါ့၊ သူတို့ဘာသာ လက်နက်ကိုင်တွေဖြစ်တဲ့ ပြဿနာ။ လူမျိုးရေးပါ ရှုပ်လာတာ” ဟု ဆိုသည်။

၂၀၂၆ ခုနှစ်၊ မတ် ၃ ရက်၌ စစ်ကော်မရှင်တပ်က စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရရှိစေရေးအတွက် မတ် ၇ ရက်မှစ၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များသည် နေ့စွဲအလိုက် မိမိတို့ယာဉ်နံပါတ်များ၏ စုံ/မ ဂဏန်းအတိုင်းသာ စုံရက်၊ မရက်ခွဲပြီး တစ်ရက်ခြားစီသာ စီးနင်းမောင်းနှင်ရမည်ဟု ထုတ်ပြန်ထားသည်။