မော်လမြိုင်တွင်လည်း ဆီဘေးဒုက္ခ ကြုံနေရ

ဓာတ်ပုံ-CJ
ပုံစံ- မော်လမြိုင်မြို့ပေါ်တွင် ယနေ့ ဆီတန်းစီနေစဉ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်ကြီးများတွင် အိမ်စီးကားတစ်စီးလျှင် ကျပ်၅ သောင်းဖိုးသာ ဓာတ်ဆီရောင်းပေးတော့ကြောင်း သိရသည်။

ယနေ့(မတ်၄ရက်)နံနက်ပိုင်းမှ စတင်ကာ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆိုင်ကယ်နှင့် ကား အများအပြား တန်းစီ ဝယ်နေကြပြီး ဆိုင်ကယ်များကို ကျပ်၅၀၀၀ ဖိုးသာ ရောင်း ပေးကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။

“တခြားမြို့တွေလိုပဲ မော်လမြိုင်မှာလည်း တော်တော်ဇာတ်ပျက်နေတယ်။ မွန်ဝန်ကြီးချုပ် အောင် ကြည်သိန်းတို့ကတော့ ထုံးစံအတိုင်း ပြဿနာဖြစ်ပြီဆို မသိချင်ယောင်ဆောင်နေကြတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ဒီဇယ်ဆိုပါက ကျပ်တစ်သိန်းဖိုးအထိ ရောင်းပေးနေသေးကြောင်း ယနေ့ညနေပိုင်းတွင် ၎င်းက ပြော သည်။

“ဒီနေ့ ဆိုင်တွေကို ပတ်ကြည့်ကာ ဆိုင်ကယ်မပါသေးဘူး။ကားတွေချည်းပဲ ဆိုင်ကြီးတွေမှာ တန်းစီ နေတာ ကားအစီးရေ ၁၅၀ကျော်၊၂၀၀ လောက်တွေ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့တွင် ဓာတ်ဆီတစ်လီတာ ပြင်ပပေါက်ဈေးမှာ ကျပ်၂၈၀၀ မှ ၅၀၀၀ သို့ ခုန်တက်သွားကြောင်း သိရသည်။

အီရန်စစ်ပွဲကြောင့် စက်သုံးဆီ ချွေတာသည့်အနေနှင့် ကိုယ်ပိုင်ယာဉ်များကို တစ်ရက်ခြားသာ မောင်း နှင်ခွင့်ပြုမည်ဟု မတ်လ၃ရက်ညတွင် စစ်ကော်မရှင်က ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း စက်သုံးဆီ အလုအယက် ဝယ်ယူနေကြသည်။