စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲကြရန် စစ်ကော်မရှင်က ထုတ်ပြန်ပြီးနောက် ပြည်သူ့ပါတီကလည်း ပြည်သူတို့ ဝိုင်းဝန်းကူညီကြရန် ပြောကြားလိုက်သည်။
ပြည်သူများအနေနှင့် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်နေရသော အကျပ်အတည်းဖြစ်သဖြင့် စက်သုံးဆီ ချွေတာနိုင်ရေးနှင့် ဖူလုံရေးအတွက် ဝိုင်းဝန်းကူညီကြရန်နှင့် အစိုးရိမ်လွန်ပြီး ဝယ်ယူသိုလှောင် ရောင်းဝယ်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ပြည်သူ့ပါတီက မတ်၅ရက်တွင် ထုတ်ပြန် သည်။
“အစိုးရိမ်လွန်ပြီး ဝယ်မလှောင်ဖို့ဆိုတာကျတော့ စစ်ကောင်စီမှာ ဆီဘယ်လောက်ရှိသလဲဆိုတာ ပြည်သူ့ပါတီ ဘယ်လောက်သိလို့ ပြောနေတာလဲ။စစ်ကောင်စီပြောတာကို ပြည်သူ့ပါတီ ယုံချင်ယုံ လေ။ပြည်သူတွေကတော့ မယုံကြဘူး”ဟု တောင်ဥက္ကလာပ၊၁၀ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။
စစ်ကော်မရှင်ထုတ်ပြန်ထားသလို ကားနှင့်ဆိုင်ကယ်များကို စုံရက်/မရက်များတွင် မောင်း နှင်စေခြင်းအစား စုံကား/မကားများကို စက်သုံးဆီအရောင်းဆိုင်များတွင် စုံရက်/မရက်ခွဲ၍ ဝယ်ယူ ခွင့်ပေးရန်နှင့် ကားနှင့် ဆိုင်ကယ်များ စက်သုံးဆီ ဝယ်ယူရာတွင် ငွေကြေး သို့မဟုတ် လီတာ သတ်မှတ်ချက်ထားပြီး ရောင်းချပေးလျှင် ပိုမိုအကျိုးရှိနိုင်မည်ဟု ပြည်သူ့ပါတီက အကြံပြု ထားသည်။
“ကိုကိုကြီး(ပြည်သူ့ပါတီဥက္ကဌ)အကြံမပြုခင် မတ်၄ရက်ကတည်းက မော်လမြိုင်က ဆီဆိုင် တွေမှာ ဝယ်ချင်သလောက် ဝယ်လို့မရပါဘူး။အကန့်အသတ်နဲ့ ရောင်းပါတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးကပြောသည်။
စက်သုံးဆီ ရောင်းမပေးသည့်ဆိုင်များကို ပိတ်သိမ်းမည်ဖြစ်ပြီး မလိုအပ်ဘဲ မဝယ်ကြရန် စစ်ကော်မ ရှင်၊ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မတ်လ၄ရက်တွင် စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းက စက်သုံးဆီ ရက်၄၀စာ ရှိပြီး ဆီတင်သင်္ဘောများလည်း လာနေကြောင်း ပြောဆိုထားသော်လည်း ပြည်သူတို့က အယုံအကြည်မရှိ သဖြင့် အလုအယက်ဝယ်ယူလျက်ရှိသည်။
