စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလအတွင်း စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၃ဦး အသက်ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၆၆ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ယနေ့ (မတ်၁၀ရက်) သတင်းထုတ်ပြန်သည်။
ယင်း၆၃ဦးထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၆ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈ ဦး၊ မ တရားသတ်ဖြတ်ခံရမှုကြောင့် ၇ ဦးနှင့် ကျည်ထိမှန်မှုကြောင့် ၂ ဦး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ဖေဖေါ် ဝါရီ၂၄ရက်က ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ကာ ဖေဖေါ်ဝါရီလအတွင်း သေဆုံးမှုအများဆုံးဖြစ် စဉ်ဖြစ်ကြောင်း BWU က ထုတ်ပြန်ထားသည်။
ဖေဖေါ်ဝါရီလ သေဆုံးသူများထဲတွင် အသက်၁၈နှစ်အောက်အမျိုးသမီး ၁၈ဦးနှင့် ကိုယ်ဝန်ဆောင် တစ်ဦး ပါဝင်ကြောင်း သိရသည်။
“ဆာဗေးအချက်အလက်တွေအရ စစ်တပ်က တော်လှန်ရေးထိန်းချုပ်နယ်မြေထဲက အရပ်သားတွေ ကိုပဲ အဓိကပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေတယ်။ အရပ်သားပစ်မှတ်တွေက များတာဆို တော့ ရှာရလွယ်တာကိုး။လေကြောင်းရန်ကာကွယ်ရေးကိစ္စ လေ့ကျင့်မှုတွေကို ပြီးစလွယ် အဖြစ် ပုံစံမျိုးမဟုတ်ဘဲ အပတ်စဉ် သေချာ လေ့ကျင့်ဖို့ လိုတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိ တစ်ဦးက MPAသို့ပြောသည်။
ဒဏ်ရာရသူများအနက် ၄၁ဦးမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့်ဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ခံရမှု ကြောင့် ၁၃ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၀ဦးနှင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရမှုကြောင့် ၂ဦး ဒဏ်ရာရခဲ့သည်။
ဖေဖေါ်ဝါရီလအတွင်း အမျိုးသမီးများ အသက်ဆုံးရှုံးမှုမှာ ရခိုင်ပြည်နယ်၌ ၂၂ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၂ဦးနှင့် မကွေးတိုင်းတွင် ၁၁ဦးရှိကြောင်း BWU က ထုတ်ပြန်သည်။
“အခု မတ်လထဲမှာ လေကြောင်းတိုက်ခိုက်မှု လျော့ကျသွားသလားဆိုတာ သက်ဆိုင်ရာအဖွဲ့တွေ သေချာ စောင့်ကြည့်နေမယ်လို့ ထင်တယ်။ဘာလို့လဲဆိုတော့ အီရန်စစ်ပွဲကြောင့် အီရန်ကနေ လေယာဉ်ဆီဝယ်မရတာတွေ၊ စက်သုံးဆီမရတော့တာတွေကြောင့် လျော့ကျနိုင်သလားပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီအတွင်း စစ်တပ်၏ လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၅၅ဦး အသက်ဆုံးရှုံးကာ ၅၄ဦး ဒဏ်ရာရခဲ့ကြောင်း BWU ထုတ်ပြန်ချက်အရ သိရသည်။
