အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် လွန်ခဲ့သည့် ၁၀ ရက်တာအတွင်း အီရန်နိုင်ငံအပေါ် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီးနောက် မကြာမီ အချိန်အတွင်း ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။
ဖလော်ရီဒါပြည်နယ်၊ ဒိုရယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယခုစစ်ပွဲကာလကို ရေတိုခရီးစဉ်(Short-term excursion) ဟု တင်စားပြောဆိုခဲ့ပြီး၊ အဓိပတိခေါင်းဆောင်ကြီး အလီခါမေနီ သေဆုံးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ယနေ့အထိ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၅,၀၀၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် အီရန်၏ နျူကလီးယားစက်ရုံများ၊ အရပ်သားဒေသအချို့နှင့် ရေနံချက်စက်ရုံများကဲ့သို့သော အရေးကြီး အခြေခံအဆောက်အအုံများ ပါဝင်နေသည်။ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာပြီး ဘရန့် (Brent) ရေနံတစ်စည်လျှင် ၁၁၉ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ သမ္မတထရန့်က အကြမ်းဖက်အစိုးရတစ်ခုက ကမ္ဘာကြီးကို ဓားစာခံလုပ်ပြီး ရေနံတင်ပို့မှုကို ပိတ်ဆို့ရန် ကြိုးပမ်းခြင်းမျိုးကို လုံးဝခွင့်မပြုနိုင်ကြောင်းနှင့် အကယ်၍ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ရန် ကြိုးစားပါက ယခုထက် များစွာပြင်းထန်သော တိုက်ခိုက်မှုများဖြင့် တုံ့ပြန်မည်ဟု သတိပေးခဲ့သည်။
အီရန်၏ စစ်ရေးစွမ်းဆောင်ရည်နှင့် ပတ်သက်၍လည်း ၎င်းတို့၏ ဒရုန်းနှင့် ဒုံးကျည်စွမ်းဆောင်ရည်မှာ လက်ရှိတွင် ၁၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပင် လျော့နည်းသွားပြီဖြစ်ကြောင်း ထရန့်က ပြောကြားသည်။
“ဒီနေ့ကစပြီး သူတို့ ဒရုန်းထုတ်လုပ်တဲ့ နေရာမှန်သမျှ ကျွန်တော်တို့ သိကုန်ပြီ၊ တစ်ခုပြီးတစ်ခု အပြတ်ရှင်းနေတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အီရန်အဓိပတိခေါင်းဆောင်ဟောင်း၏ သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းအပေါ် ထရန့်က စိတ်ပျက်မိတယ်ဟု တုံ့ပြန်ခဲ့ပြီး၊ ယင်းရွေးချယ်မှုသည် အီရန်အတွက် ပြဿနာဟောင်းများကိုသာ ဆက်လက်ဖြစ်ပေါ်စေလိမ့်မည်ဟု သုံးသပ်သည်။
သမ္မတထရမ့်သည် ရုရှားသမ္မတ ပူတင်နှင့်လည်း ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းစစ်ပွဲများအကြောင်း ဖုန်းဖြင့် ဆွေးနွေးခဲ့ကာ ပူတင်က အရှေ့အလယ်ပိုင်းကိစ္စတွင် ကူညီလိုကြောင်း ပြောခဲ့သော်လည်း၊ ထရန့်ကမူ ယူကရိန်းစစ်ပွဲကို အရင်ဆုံး အဆုံးသတ်ပေးခြင်းက ပိုမိုအထောက်အကူဖြစ်လိမ့်မည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်း၏ ပထမသက်တမ်းအတွင်း အီရန်စစ်ဘက်ခေါင်းဆောင် ကာဆမ်ဆိုလေမာနီကို သုတ်သင်ခဲ့သည့်ဖြစ်စဉ်ကိုလည်း ပြန်လည်ရည်ညွှန်းခဲ့ပြီး၊ အကယ်၍ ဆိုလေမာနီသာ အသက်ရှင်နေပါက အီရန်တပ်ဖွဲ့များသည် ယခုထက် ပိုမိုစွမ်းဆောင်ရည် ရှိနိုင်သော်လည်း ၎င်းကို ကြိုတင်ဖယ်ရှားနိုင်ခဲ့ခြင်းမှာ အမေရိကန်အတွက် အားသာချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သမ္မတထရမ့်က အမေရိကန်အနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရနေပြီဖြစ်သော်လည်း လုံလောက်သော အောင်ပွဲမျိုး မဟုတ်သေးကြောင်းနှင့် ဤနှစ်ရှည်လများ အန္တရာယ်ကို အပြီးအပြတ် အဆုံးသတ်နိုင်မည့် နောက်ဆုံးအောင်ပွဲရရှိသည်အထိ ပိုမိုပြတ်သားစွာ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။
အစ္စရေးဘက်ကလည်း အဓိပတိခေါင်းဆောင်ဟောင်း ခါမေနီ၏နေရာတွင် တက်လာမည့် မည်သည့်ခေါင်းဆောင်သစ်ကိုမဆို လုပ်ကြံသတ်ဖြတ်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားရာ ဒေသတွင်းစစ်ရေးတင်းမာမှုများသည် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
