အီရန်အမျိုးသမီးဘောလုံးသမား ၅ ဦး ဩစတြေးလျတွင် ခိုလှုံခွင့်ရရှိ

ဓာတ်ပုံ - AP/Australia Ministry of Home Affairs
ပုံစာ - ဩစတြေးလျပြည်ထဲရေးဝန်ကြီး တိုနီဘတ်ခ်နှင့် အီရန် အမျိုးသမီးသမီးလက်ရွေးစင် ဘောလုံးအသင်းမှ မိန်းကလေး ၅ ဦးကို ခိုလှုံခွင့်ပေးပြီးနောက် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်

အာရှအမျိုးသမီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဩစတြေးလျနိုင်ငံ၌ ရောက်ရှိနေသည့် အီရန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှ ကစားသမား ၅ ဦးသည် နိုင်ငံတော်သီချင်းသီဆိုရန် ငြင်းဆိုခဲ့မှုကြောင့် အီရန်အစိုးရက “သစ္စာဖောက်များ” ဟုစွပ်စွဲခံခဲ့ရပြီးနောက် မတ်လ ၁၀ ရက်တွင် ဩစတြေးလျအစိုးရက ခိုလှုံခွင့်ပေးလိုက်သည်။

ပြီးခဲ့သည့်အပတ်က ဩစတြေးလျတွင် ကျင်းပသည့် ပြိုင်ပွဲ၌ အဆိုပါအီရန်ကစားသမားများသည် နိုင်ငံတော်သီချင်း ဆိုချိန်တွင် နှုတ်ဆိတ်နေခဲ့ကြပြီး၊ ယင်းလုပ်ရပ်မှာ အီရန်အစိုးရကို အာခံသည့် သင်္ကေတအဖြစ် ရှုမြင်ခံခဲ့ရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် လူပုဂ္ဂိုလ်အများအပြားက အဆိုပါကစားသမားများ နေရပ်ပြန်ပါက ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်ရသဖြင့် ဩစတြေးလျအနေဖြင့် ခိုလှုံခွင့်ပေးရန် တိုက်တွန်းခဲ့ကြသည်။

အသင်းခေါင်းဆောင် ဇာဟ်ရာ ဂါန်ဘာရီ အပါအဝင် ကစားသမား ၅ ဦးသည် ညမှောင်ချိန်တွင် တည်းခိုရာဟိုတယ်မှ တိတ်တဆိတ်ထွက်ခွာကာ ဩစတြေးလျအာဏာပိုင်များထံ အကာအကွယ်ပေးရန် တောင်းခံခဲ့ကြခြင်း ဖြစ်သည်။

ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်က “ကျွန်တော်တို့ ဒါအတွက် ကြိုတင်ပြင်ဆင်ထားတာ အတော်ကြာပါပြီ။ ဒီသတ္တိခဲအမျိုးသမီးတွေရဲ့ အခြေအနေက ဩစတြေးလျပြည်သူတွေကို စိတ်မကောင်းဖြစ်စေပါတယ်။ သူတို့ဟာ ဒီမှာ ဘေးကင်းလုံခြုံနေပြီဖြစ်သလို မိမိအိမ်မှာရှိနေသလိုမျိုး ခံစားရမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ်က ကစားသမားများ ဘေးကင်းရာသို့ ရောက်ရှိချိန်အထိ အဆိုပါသတင်းကို ထိန်းသိမ်းပေးထားခဲ့သည့် ဩစတြေးလျမီဒီယာများကိုလည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီး တိုနီဘတ်ခ်ကလည်း အစိုးရအနေဖြင့် ကစားသမားများနှင့် လျှို့ဝှက်ဆွေးနွေးမှုများ ရက်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်းနှင့် ဂိုးလ်ကို့စ် (Gold Coast) ရှိ ဟိုတယ်မှ ထွက်ခွာလာပြီးနောက် ၎င်းတို့ကို ဘေးကင်းလုံခြုံသော အိမ်တစ်လုံးသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

ဝန်ကြီး၏ ပြောကြားချက်အရ ဗီဇာရရှိပြီးနောက် ကစားသမားများသည် “Aussie, Aussie, Aussie” ဟု အော်ဟစ်ကာ ပျော်ရွှင်ခဲ့ကြကြောင်းနှင့် ကျန်ရှိနေသည့် အသင်းသားများအနေဖြင့်လည်း ဆန္ဒရှိပါက ဩစတြေးလျတွင် နေထိုင်ရန် ကြိုဆိုကြောင်း သိရသည်။

ကျန်ရှိသောအသင်းသားများ နေရပ်သို့ ပြန်၊ မပြန်နှင့် မည်သည့်အချိန်တွင် ထွက်ခွာမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ပြီးခဲ့သည့်အပတ်က တောင်ကိုရီးယားနှင့် ပွဲစဉ်တွင် နိုင်ငံတော်သီချင်းတီးဆိုနေစဉ် ငြိမ်သက်စွာ ရပ်နေခဲ့ကြပြီးနောက် အီရန်အစိုးရပိုင် ရုပ်သံတင်ဆက်သူတစ်ဦးက ၎င်းတို့အား “စစ်တွင်းသစ္စာဖောက်များ” ဟု သမုတ်ခဲ့သည်။

နောက်ပိုင်းပွဲစဉ်များတွင် နိုင်ငံတော်သီချင်း ပြန်လည်သီဆိုခဲ့ကြသော်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ ၎င်းတို့အတွက် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သတိပေးခဲ့ကြသည်။

အီရန်အိမ်ရှေ့မင်းသားဟောင်း ရီဇာ ပါလဗီက “အီရန်အမျိုးသမီး လက်ရွေးစင်အသင်းသားတွေဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံအစိုးရရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုနဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရပါတယ်။ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဩစတြေးလျအစိုးရက လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ဟယ်ရီပေါ်တာ စာရေးဆရာမ J.K. Rowling တို့ကလည်း ဩစတြေးလျအနေဖြင့် အဆိုပါအမျိုးသမီးများကို အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်က ကစားခဲ့သည့် ပွဲစဉ်များတွင်လည်း အားပေးသူများက အားကစားကွင်းပြင်ပ၌ စုဝေးကာ “အီရန်အစိုးရ ပြောင်းလဲရေး” နှင့် “ကစားသမားမိန်းကလေးများကို ကယ်တင်ပေးပါ” ဟု ကြွေးကြော်ခဲ့ကြသည်။