စစ်သည်တော်ကျင့်ဝတ် လုံး၀မလိုက်နာသည့် စစ်တပ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲပြုလုပ်

ဓာတ်ပုံ-လူမှုကွန်ရက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အကြမ်းဖက်စစ်ကော်မရှင်က (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်အတွင်းရှိ အေးချမ်းဖြိုးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကိုယ်တိုင် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးမှ အရာရှိနှင့် စစ်သည် စုစုပေါင်း ၁၂၆ ဦး စာမေးပွဲဖြေဆိုနေမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

သို့သော်လည်း စစ်ကော်မရှင်တပ်များသည် လက်တွေ့မြေပြင်တွင် စစ်သည်တော်ကျင့်ဝတ်ပါ ပြည်သူလူထုအပေါ် လိုက်နာရမည့်အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ နိုင်ငံအနှံ့တွင် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။

အထူးသဖြင့် ညောင်လေးပင်ခရိုင်အပါအဝင် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများတွင် အရပ်သားပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များပါမချန် ရက်စက်စွာ သတ်ဖြတ်နေသည့်အချိန်၌ အခုလို ကျင့်ဝတ်ပြိုင်ပွဲကျင်းပနေခြင်းမှာ ပြည်သူလူထုကို လှောင်ပြောင်သည့် သရော်စာတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ကျင့်ဝတ်ဆိုတာ စာအုပ်ထဲမှာ ရေးထားရုံ၊ စာမေးပွဲဖြေနေရုံနဲ့ မပြီးဘူး။ အခု သူတို့လုပ်နေတာက လက်တစ်ဖက်က ကျင့်ဝတ်အကြောင်း စာမေးပွဲဖြေပြီး ကျန်တဲ့လက်တစ်ဖက်က ပြည်သူကို သေနတ်နဲ့ပစ်နေတာ။ ဒါဟာ ကမ္ဘာကို လိမ်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်နေတာပဲ” ဟု ဝေဖန်သည်။

ထို့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM စစ်သည်တစ်ဦးကလည်း “စစ်တပ်ထဲမှာ ကျင့်ဝတ် ၆၀ ဆိုတာ အလွတ်ကျက်ခိုင်းတာပဲ ရှိတာ။ တကယ်တမ်း ရှေ့တန်းထွက်ရင်တော့ အထက်ကပေးတဲ့ အမိန့်ဆိုပြီး ရွာတွေကို မီးရှို့ခိုင်းတယ်၊ ပစ္စည်းတွေ လုခိုင်းတယ်။ ကျင့်ဝတ်နဲ့ လုံးဝဆန့်ကျင်ဘက်တွေကို လုပ်ခိုင်းနေတာပါ။ အခုလို ပြိုင်ပွဲလုပ်တယ်ဆိုတာကလည်း ဟန်ပြသက်သက်ပါပဲ” ဟု ၎င်း၏ အတွေ့အကြုံကို ဖွင့်ဟသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ကျဆင်းနေသော ပုံရိပ်ကို အဖတ်ဆယ်ရန်အတွက် စစ်သည်တော်ကျင့်ဝတ်ဆိုသည့် ခေါင်းစဉ်ကို အသုံးချနေသော်လည်း မြေပြင်ရှိ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထင်အရှားများကြောင့် ပြည်သူများ၏ ယုံကြည်မှုကို လုံးဝရရှိတော့မည်မဟုတ်ပေ။

ယခုပြိုင်ပွဲတွင် ပါဝင်ဖြေဆိုနေကြသည့် အရာရှိနှင့် စစ်သည်များသည်လည်း စစ်အာဏာရှင်ယန္တရား၏ အစိတ်အပိုင်းများအဖြစ် ပြည်သူကို ဒုက္ခပေးနေသူများသာဖြစ်ကြောင်း၊ ကျင့်ဝတ်ကို စာရွက်ပေါ်တွင်သာ ဖြေဆိုနေကြသော်လည်း လက်တွေ့တွင်မူ ပြည်သူကို ရန်သူကဲ့သို့ သဘောထားကာ နှိပ်စက်နေသည့် လုပ်ရပ်များက သက်သေခံနေသည်ဟု နိုင်ငံရေးလေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

စစ်ကော်မရှင်တပ်များသည် ကျင့်ဝတ်ပါ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ ဆိုသည့် အချက်ကို လုံးဝမျက်ကွယ်ပြုကာ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကို လုပ်ဆောင်နေခြင်းမှာ စစ်ရာဇဝတ်မှုကို အတိအလင်း ကျူးလွန်နေခြင်းပင် ဖြစ်သည်။

“ကျမတို့ရွာတွေကို မီးရှို့တယ်၊ ပေါ်တာဆွဲတယ်၊ တွေ့တဲ့သူကို ရန်သူလိုသတ်နေတာပဲလေ။ အခုလည်း ကြည့်ဦး၊ ရွာထဲ စစ်ကြောင်းဝင်လာလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တောထဲမှာ ပုန်းနေရတာ။ သူတို့မှာ တကယ်သာ ကျင့်ဝတ်ရှိရင် ကျမတို့ ပြည်သူတွေကို ဒီလောက်အထိ ဒုက္ခပေးပါ့မလား။” ဟု ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲသည် မြေပြင်တွင် အမှန်တကယ် ကျင့်သုံးရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံတကာနှင့် ပြည်တွင်း၌ ဟန်ပြဝါဒဖြန့်ရန်အတွက်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် စာရွက်ပေါ်တွင် မည်သို့ပင် ကျင့်ဝတ်များကို အမွှမ်းတင် ဖြေဆိုစေကာမူ ၎င်းတို့ကျူးလွန်ထားသည့် ပြစ်မှုများအတွက် တရားမျှတမှုနှင့် ရင်ဆိုင်ရမည့်နေ့မှာ ဝေးတော့မည်မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။