By Garcia Ni/ MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ရာသီတုပ်ကွေးအဖြစ်များနေပြီး လပိုင်းအတွင်း ၅နှစ်အောက် ကလေးငယ်၇ဦးသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်ကျန်းမာရေးမှူးထံမှ သိရသည်။
မင်းတပ်မြို့နယ်တွင် သြဂုတ်လပထမအပတ်မှစတင်၍ ကလေးများသာမက လူကြီးများပါ ရာသီတုပ်ကွေးဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုစက်တင်ဘာလလယ်အထိ သေဆုံးသူကလေးငယ် ၇ဦးအထိရှိလာခြင်းဖြစ်သည်။
” ငါးနှစ်အောက်ကလေး ၇ ဦးသေ။ ဆေးဝါးကတော့CHO(Chin Health Organization)နဲ့ မြို့နယ်ကျန်းမာပူးပေါင်း၊ အတတ်နိုင်ဆုံး အားလုံးကကြိုးစားနေကြပါတယ်”ဟု မြို့နယ်ကျန်းမာရေးမှူးက MPAကိုပြောသည်။
ရာသီတုပ်ကွေးသည် ကူးစက်မှုနှုန်းမြင့်မားပြီး ရောဂါပိုးရှိသူ၏ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှထွက်ပေါ်လာသော အစက်အမှုန်များကို တိုက်ရိုက်ရှူသွင်းမိရာမှ လည်းကောင်း၊ ထိုအစက်အမှုန်များ ကပ်ငြိနေသည့်အရာဝတ္ထုများကိုကိုင်တွယ်၍ မိမိ၏နှာခေါင်း၊ ပါးစပ်နှင့် မျက်စိတို့ကို ကိုင်တွယ်မိရာမှလည်းကောင်း ကူးစက်နိုင်ကြောင်း ဆရာဝန်တစ်ဦးကပြောသည်။
” သေနှုန်းက ဒေသအပေါ်မူတည်ပြီး ၂ရာခိုင်နှုန်း ကနေ ငါးရာခိုင်နှုန်းအထိရှိတယ်။ ရောဂါဖြစ်သူ လူ၁၀၀မှာ ၂ဦးအနည်းဆုံးသေတဲ့သဘောပဲ”ဟု ၎င်းကဆိုသည်။
မင်းတပ်မြို့နယ်၌ လပိုင်းအတွင်း ယခုကဲ့သို့ ၅နှစ်အောက်ကလေးငယ် ၇ဦးအထိသေဆုံးရခြင်းမှာ ရာသီတုပ်ကွေးကြောင့်မဟုတ်ဘဲ နမိုးနီးယားကြောင့်ဖြစ်နိုင်ကြောင်းကိုလည်း အထက်ပါဆရာဝန်က သုံးသပ်သည်။
” မိုးကတော့ နေ့တိုင်းပြတ်ကိုမပြတ်ဘူး။ မိုးပြတ်သွားရင် ခဏနေ နေပူလာလိုက်၊ ခဏနေမှိုင်းတွေတိုက်လာလိုက်နဲ့ တစ်ရက်တည်း ရာသီဥတုသုံးမျိုးလိုဖြစ်နေတာ”ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
မင်းတပ်မြို့နယ်တွင် ရာသီတုပ်ကွေးအပြင် ငှက်ဖျားရောဂါဖြစ်ပွားနေမှုများလည်း ရှိနေကြောင်း အထက်ပါအမျိုးသားက MPAကို ဆက်လက်ပြောသည်။
ရာသီတုပ်ကွေးထိန်းချုပ်နိုင်ရေးအတွက် Chin Health Organization နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ကြိုးစားဆောင်ရွက်နေသော်လည်း ဆေးဝါးအကူအညီများမှာ လိုအပ်မှုရှိနေကြောင်း မြို့နယ်ကျန်းမာရေးမှူးထံမှ စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း
