ရွှေကျင်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ဦးသေဆုံး၊ ကလေးတစ်ဦး ခြေပြတ်လက်ပြတ်ကာ စိုးရိမ်ရ

ဓာတ်ပုံ-ကေအဲန်ယူဗဟို
ပုံစာ- ဗုံးထိမှန်သည့်အိမ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြောင့် ၆နှစ်အရွယ်ကလေး၂ဦးအပါအဝင် အရပ်သားပြည်သူ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ၁၁ရက်၊မွန်းလွဲ၁၂နာရီမိနစ်၅၀ကျော်တွင် ခမရ၂၀တပ်ရင်းမှ ကေအဲန်ယူ ညောင်လေးပင် ခရိုင်(ခလယ်လွီထူ)၊ရွှေကျင်မြို့နယ်(ဆောထိ)၊အင်းဗလာရွာ(အောပလားရွာ)ကို စက်တပ်လေထီး ဖြင့် ဗုံး၃လုံးကြဲချခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်တစ်ဦးနှင့် ပြည်သူ၃ဦးလည်း ဒဏ်ရာရခဲ့ကာ အိမ်တစ် လုံး ပျက်စီး၍ နွား၂ကောင်လည်း သေဆုံးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မတ်၁၂ရက်)သတင်း ထုတ်ပြန်သည်။

“ပါရာမော်တာ(စက်တပ်လေထီး)နဲ့ အနိမ့်ပျံလာပြီးတော့ ကြဲချတာ တစ်လုံးက ရွာလယ်က အိမ်တစ် လုံးထဲကျတယ်။တချို့ပြောကြတာက အိမ်ပေါ်ကို ဗုံးတစ်လုံးကျတယ်။တချို့ကျတော့ ၂လုံးကျတယ် လို့ ပြောတယ်။နောက်တစ်လုံးကျတဲ့နေရာတော့ မသိရသေးဘူး။အဲအိမ်ထဲမှာရှိတဲ့ မိသားစုတွေ အကုန် သေဆုံးတယ်”ဟု ညောင်လေးပင်မြို့သတင်းရင်းမြစ်က MPAသို့ပြောသည်။

သေဆုံးသူများထဲတွင် အမျိုးသမီး၄ဦး ပါဝင်ပြီး ဒဏ်ရာရသူ အသက်၉နှစ်အရွယ်ရှိ နိုဘယ်လင်းမှာ ခြေထောက်နှင့်လက်ပြတ်ကာ စိုးရိမ်ရကြောင်းနှင့် ပခုံးဒဏ်ရာ အမျိုးသားတစ်ဦးလည်း စိုးရိမ်ရ ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

“အခုနှစ်စတုန်းက စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးဆိုပြီး တိုက်ခဲ့တာ စစ်တပ်က အထိနာခဲ့တယ်။နောက်တစ်ကြိမ် စစ်တောင်းမြစ်ဝှမ်းဒေသစစ်ဆင်ရေး ထပ်အားမကောင်းလာဖို့ ရွှေကျင်၊ကျောက်ကြီးက တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို ဖိတိုက်နေတာလို့ ကျနော်တော့ အဲဒီလို ကြားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်သည့်အချိန်တွင် အင်းဗလာရွာနှင့် အနီးဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိပေ။

အင်းဗလာရွာသည် အိမ်ခြေ၅၀၀ခန့်ရှိသည့် ကျေးရွာအုပ်စုအဆင့် စစ်တောင်းမြစ်ကမ်းဘေးရွာ ဖြစ်သည်။