အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) သည် လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်သို့ အလုံးစုံ ရောက်ရှိသွားပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လားလ်ဒူဟိုမာက မတ်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အတည်ပြု ပြောကြားခဲ့သည်ဟု The Assam Tribune က ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းသည် စစ်ကော်မရှင် ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ AA ၏ လက်ဝယ်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး အာရက္ခတပ်တော် အနေဖြင့်လည်း စီမံကိန်း အောင်မြင်စွာ ပြီးဆုံးစေရန် လိုလားလျက်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ်အစိုးရနှင့် အာရက္ခတပ်တော် (AA) တို့အကြား ကောင်းမွန်သော ဆက်ဆံရေး ရှိနေပြီး ရင်းနှီးမှုကိုလည်း ဆက်လက် ထိန်းသိမ်းထားကြောင်း ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။
အာရက္ခတပ်တော် အနေဖြင့် အိန္ဒိယနိုင်ငံ လောင်တလိုင်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို တရားဝင် ချိတ်ဆက်နိုင်ရန် မျှော်လင့်နေသကဲ့သို့ ကုလားတန်စီမံကိန်း အမြန်ဆုံး ပြီးစီးရေးအတွက်လည်း စိတ်အားထက်သန်နေကြကြောင်း သိရ သည်။
သို့ရာတွင် မီဇိုရမ်နှင့် ပလက်ဝတို့အကြား ဥပဒေပြင်ပ နယ်စပ်ကုန်သွယ်ရေးများ မြင့်တက်လာနေခြင်းအပေါ် မီဇိုရမ်ပြည်နယ်အစိုးရက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ ပြည်နယ်အစိုးရက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း အိုက်ဇောလ်နှင့် မီဇိုရမ်ဒေသများမှ ကုန်ပစ္စည်း အများအပြားသည် မြန်မာနိုင်ငံဘက်သို့ အဆက်မပြတ် စီးဝင်နေပြီး စစ်ကော်မရှင် ၏ အုပ်ချုပ်ရေးအာဏာ မတည်ငြိမ်မှုကြောင့် နယ်စပ်အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲနေကြောင်း ဝန်ကြီးချုပ်က ထောက်ပြခဲ့သည်။
“ဒါကို ကြည့်ရင် အိန္ဒိယက တကယ့်ကို လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ အရင်ကတော့ အိန္ဒိယဟာ နေပြည်တော်က စစ်ကော်မရှင် နဲ့ပဲ တရားဝင် ဆက်ဆံခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မြေပြင်မှာ ဘယ်သူက တကယ် နယ်မြေစိုးမိုးထားသလဲဆိုတာကို သူတို့ ကောင်းကောင်းကြီး သိသွားပါပြီ။ မြေပြင်မှာ အမှန်တကယ် အာဏာရှိနေတဲ့ အာရက္ခတပ်တော် (AA) ကို အရေးပါတဲ့ အင်အားစုတစ်ရပ်အဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံလာရပြီဆိုတာ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ ထုတ်ဖော်ချက်က သက်သေပြနေတာပဲ ဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
စစ်ရေးလေ့လာသူများ၏ အမြင်အရ ပလက်ဝနှင့် ရခိုင်ဒေသအတွင်း စစ်ကော်မရှင် ၏ စစ်ရေးအရ ကျရှုံးမှုများသည် အကြီးစား မဟာဗျူဟာစီမံကိန်းများကိုပါ လက်လွှတ်လိုက်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ စိုးမိုးမှုရှိခြင်းကသာ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် အားသာချက် ရရှိစေခြင်းဖြစ်ရာ အာရက္ခတပ်တော်သည် နယ်မြေသိမ်းပိုက်ရုံသာမက နိုင်ငံတကာ ဆက်ဆံရေး တံခါးပေါက်ကိုပါ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။
“စီးပွားရေးအရ ကြည့်မယ်ဆိုရင်တော့ ကုလားတန်စီမံကိန်းဟာ အိန္ဒိယအတွက် လက်လွှတ်လို့မရတဲ့ မဟာဗျူဟာကျတဲ့ လမ်းကြောင်းကြီးတစ်ခုပါ။ ဒါကြောင့်လည်း သူတို့ဟာ စီမံကိန်းအောင်မြင်ဖို့အတွက်ဆိုရင် မြေပြင်မှာ တကယ်အလုပ်ဖြစ်မယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပုံရပါတယ်။ အခု နယ်စပ်မှာ တရားမဝင်ကုန်သွယ်မှုတွေ များနေတာဟာ တရားဝင်လမ်းကြောင်းတွေ ပိတ်ဆို့ရပ်ဆိုင်းနေလို့ပါပဲ။ အကယ်၍သာ AA နဲ့ အိန္ဒိယအစိုးရကြားမှာ တရားဝင် ညှိနှိုင်းမှုတွေသာ လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒေသတွင်းစီးပွားရေးဟာ သိသိသာသာကို တိုးတက်ပြောင်းလဲလာမှာ အသေအချာပါပဲ” ဟု စီးပွားရေးပညာရှင်တစ်ဦးက ထောက်ပြသည်။
ထိုအခြေအနေများကြောင့် မီဇိုရမ်ပြည်နယ်အစိုးရသည် လောင်တလိုင်ခရိုင် အာဏာပိုင်များနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များကို နယ်စပ်လုံခြုံရေးအား အထူးကြပ်မတ်ရန် ညွှန်ကြားထားကြောင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများမှ ပေါ်ပေါက်လာနိုင်ခြေရှိသော စိန်ခေါ်မှုများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိပြီး ကုလားတန်စီမံကိန်း အပြည့်အဝ လည်ပတ်နိုင်ရန်အတွက်လည်း နောက်ထပ်စီမံကိန်းအသစ်များ ရေးဆွဲရန် လိုအပ်နေကြောင်း သိရသည်။
ဝေဖန်သုံးသပ်သူအချို့ကမူ စစ်ကော်မရှင် ၏ ဩဇာအာဏာသည် နယ်စပ်ဒေသများတွင် လုံးဝ ကင်းမဲ့သွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ပြောကြားချက်များက ခိုင်မာစွာ သက်သေပြနေသည်ဟု ဆိုကြသည်။
နေပြည်တော်မှ ထုတ်ပြန်သော အမိန့်များသည် နယ်စပ်ရှိ ကုလားတန်စီမံကိန်းအပေါ် သက်ရောက်မှု မရှိတော့ခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက် လက်တွေ့ကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် တွန်းအားပေးလိုက်ခြင်းလည်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
မီဇိုရမ်ဝန်ကြီးချုပ်သည် ကုလားတန်စီမံကိန်း၏ သက်ရောက်မှုများကို စစ်ဆေးရန် လေ့လာရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့၏ အစီရင်ခံစာအပေါ် မူတည်၍ နောက်ထပ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း၊ ၎င်းသည် ရခိုင်နှင့် ချင်းပြည်နယ်အတွင်းရှိ အာရက္ခတပ်တော်၏ အခန်းကဏ္ဍသည် အိမ်နီးချင်းနိုင်ငံများအတွက် ရှောင်လွှဲ၍မရသော အဓိက လက်တွဲဖော် ဖြစ်လာနေသည်ကို ပြသနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူနှင့် စီးပွားရေးပညာရှင်တို့က တညီတညွတ်တည်းထောက်ပြသည်။
ထို့ပြင် စစ်ကော်မရှင် ၏ စီမံခန့်ခွဲမှု ပျက်ပြားနေခြင်းကြောင့် ဒေသတွင်းစီးပွားရေး ထိခိုက်နေမှုကို မြေပြင်ရှိ အင်အားစုများနှင့် ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိလာရန် လိုလားနေကြကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
မီဇိုရမ်ဝန်ကြီးချုပ်၏ ထုတ်ဖော်ပြောကြားချက်သည် စစ်ကော်မရှင် အတွက် နိုင်ငံတကာမျက်နှာစာတွင် ကြီးမားသော ထိုးနှက်ချက်တစ်ရပ် ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများသည် နယ်မြေသိမ်းပိုက်ရုံသာမက ဒေသတွင်း မဟာဗျူဟာမြောက် စီမံကိန်းများကိုပါ စီမံခန့်ခွဲနိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုလာရသည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်ဟု ထောက်ပြမှုများလည်းရှိသည်။။
ရှေ့ဆက်၍ အိန္ဒိယဗဟိုအစိုးရအနေဖြင့် AA နှင့် မည်မျှအထိ တရားဝင် ဆက်ဆံသွားမည်ကို စောင့်ကြည့်ရမည် ဖြစ်သော်လည်း ပြည်နယ်အစိုးရအဆင့်တွင်မူ အာရက္ခတပ်တော်သည် မရှိမဖြစ် လက်တွဲဆောင်ရွက်ရမည့် အင်အားစုတစ်ခုအဖြစ် ခိုင်မာစွာ နေရာရရှိသွားပြီဖြစ်သည်။
