စစ်ပွဲနိုင်ရေး လေကြောင်းအင်အား အဓိကဟု မင်းအောင်လှိုင်ပြောကာ ရုရှားနှင့် တရုတ်ထုတ် လေယာဉ်သစ်များဖြင့် စစ်ရာဇဝတ်မှုများကို အရှိန်မြှင့်ရန် ကြိုးပမ်း

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်သည် ရုရှားနှင့် တရုတ်နိုင်ငံတို့မှ တိုက်လေယာဉ်သစ်များကို ထပ်မံဖြည့်တင်းကာ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယမန်နေ့က မိတ္ထီလာမြို့၌ ကျင်းပသည့် အခမ်းအနားတွင် မင်းအောင်လှိုင်က စစ်ပွဲအောင်နိုင်ရေးအတွက် လေကြောင်းအင်အားသည် အဓိကဖြစ်သည ဟု ပြောကြားခဲ့ခြင်းမှာ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကောင်းကင်ယံမှနေ၍ အရှိန်အဟုန်မြှင့် ဖျက်ဆီးတော့မည်ဟု လူသိရှင်ကြား ကြေညာလိုက်ခြင်းပင် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

ယခုဖြည့်တင်းလိုက်သည့် ရုရှားထုတ် Su-30 SME နှင့် တရုတ်ထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက်ထက် ကိုယ့်နိုင်ငံသားအချင်းချင်း ပြန်လည်သတ်ဖြတ်ရန် ဝယ်ယူထားသည့် ကိရိယာများသာဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

မင်းအောင်လှိုင်က အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ပစ်မှတ်ကို တိကျစွာ ဖျက်ဆီးနိုင်သည်ဟု ကြွားဝါနေသော်လည်း မြေပြင်အခြေအနေတွင်မူ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများမှာ လေကြောင်းတိုက်ခိုက်မှု၏ အဓိကပစ်မှတ်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

စစ်လက်နက်ကျွမ်းကျင်သူတစ်ဦးက “Su-30 လို ဘက်စုံသုံး တိုက်လေယာဉ်မျိုးတွေကို အသုံးပြုလာတာဟာ ဖျက်အားပြင်း ဗုံးတွေကို ပိုပြီး ဝေးဝေးလံလံနဲ့ တိတိကျကျ ကြဲချနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ မြေပြင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်က လေကြောင်းအားကိုးနဲ့ ပြည်သူကို အကြောက်တရား သွင်းဖို့ ကြိုးစားတာပဲ ဖြစ်တယ်” ဟု သုံးသပ်သည်။

၎င်းလေယာဉ်များသည် အဆင့်မြင့် လက်နက်စနစ်များ ပါဝင်သည့်အတွက် အရပ်သားသေဆုံးမှု ပိုမိုများပြားလာနိုင်ကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။

ထို့ပြင် မင်းအောင်လှိုင်က လေတပ်သားများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိရမည် ဟု ပြောကြားနေခြင်းမှာလည်း လက်တွေ့လုပ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ တိုင်းပြည်ကို ချစ်မြတ်နိုးသည်ဆိုသည့် လေတပ်သားများသည် အပြစ်မဲ့ကလေးငယ်များနှင့် မိခင်များအပေါ် ဖျက်အားပြင်းဗုံးများ ကြဲချနေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး ပြည်သူကို ရန်သူကဲ့သို့ သဘောထားကာ ကောင်းကင်မှနေ၍ အင်အားသုံး နှိပ်စက်နေခြင်းမှာ ခွင့်မလွှတ်နိုင်သော ယုတ်မာမှုတစ်ရပ် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

“ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။ ကမ္ဘာမှာ ဘယ်စစ်တပ်မှ ကိုယ့်နိုင်ငံသား အချင်းချင်းကို ဒီလောက်အထိ ရက်ရက်စက်စက် ဗုံးကြဲတာမျိုး မရှိပါဘူး။ စစ်ကော်မရှင်ဟာ နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးအတွက် တရုတ်နဲ့ ရုရှားဆီက လက်နက်တွေ ဆက်ဝယ်နေတာဟာ ပြည်သူကို ဆက်ပြီး နှိပ်စက်ဖို့ပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးကလည်း “ကျွန်တော်တို့မှာ ကောင်းကင်ကနေ လေယာဉ်သံကြားတာနဲ့ ဘယ်ပြေးရမှန်း မသိတော့ပါဘူး။ အိမ်တွေ၊ ကျောင်းတွေအပေါ်ကို ဗုံးတွေ ကြဲချနေတာဟာ ကျွန်တော်တို့ကို သေအောင်သတ်နေတာနဲ့ အတူတူပါပဲ။ ဒီလိုမျိုး ရက်စက်နေတဲ့ လုပ်ရပ်တွေကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ နာကျည်းစရာတွေပါ” ဟု ခံစားချက်ကို ရင်ဖွင့်ပြောကြားသည်။

စစ်ကော်မရှင်သည် လေကြောင်းအားကိုးဖြင့် လူနေရပ်ကွက်များကို မီးလောင်တိုက်သွင်းကာ ပြည်သူများအကြား အကြောက်တရား သွင်းရန် ကြိုးစားနေခြင်းမှာ ၎င်းတို့၏ လူမဆန်သည့် လုပ်ရပ်များကို ပိုမိုထင်ရှားစေပြီး ကိုယ့်နိုင်ငံသားအချင်းချင်းအပေါ် မညှာမတာ သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နေကြောင်း ဥပဒေကျွမ်းကျင်သူများက ထောက်ပြကြသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများ၏ အသက်ကို ရင်း၍ လက်နက်ကုန်သွယ်မှုများ ပြုလုပ်ပြီး အဆိုပါ နိုင်ငံများမှ ထောက်ပံ့သည့် လက်နက်များကြောင့် မြန်မာပြည်တွင်းရှိ စစ်ရာဇဝတ်မှုများမှာ ပိုမိုရက်စက်ကြမ်းကြုတ်သော အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အရှိန်အဟုန်မြှင့်လာသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုနှုန်းမှာ ယခင်ထက် သိသိသာသာ မြင့်တက်လာနေသည်။ စစ်ကော်မရှင်၏ လေယာဉ်သစ်များ ထပ်မံဖြည့်တင်းမှုသည် ငြိမ်းချမ်းရေးအတွက် လမ်းစမဟုတ်ဘဲ ပြည်သူများအတွက် ပိုမိုကြီးမားသော အန္တရာယ်များကိုသာ သယ်ဆောင်လာသည့် လုပ်ရပ်တစ်ခုပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။