အီရတ်မှာ ပြင်သစ်စစ်အရာရှိတစ်ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံး၊ သမ္မတ မက်ခရွန် ပြင်းထန်စွာ ရှုတ်ချ

အီရတ်နိုင်ငံမြောက်ပိုင်း၊ အာဘေးလ် (Erbil) ဒေသတွင် ပြင်သစ်စစ်အရာရှိတစ်ဦး သေဆုံးပြီး စစ်သည်အများအပြား ဒဏ်ရာရရှိခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကို ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ယနေ့တွင် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြထားသည်။

အဆိုပါဒေသတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး သင်တန်းပေးနေသည့် ပြင်သစ်စစ်သည် ၆ ဦးမှာ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်စစ်တပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အီတလီစစ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြင်သစ်သမ္မတ မက်ခရွန်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် “အရာခံဗိုလ် အာနိုး ဖရီယွန် (Arnaud Frion) သည် ပြင်သစ်နိုင်ငံအတွက် အသက်ပေးဆပ်သွားခဲ့ရပြီ” ဟု ရေးသားခဲ့ပြီး ၂၀၁၅ ခုနှစ်ကတည်းက ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်နေသည့် မိမိတို့တပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အီရတ်နိုင်ငံအတွင်း ပြင်သစ်တပ်ဖွဲ့ဝင်များ ရှိနေခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်သာ ဖြစ်ပြီး အီရန်စစ်ပွဲကြောင့် ယခုကဲ့သို့ တိုက်ခိုက်မှုများကို ဆင်ခြေပေး၍မရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါဒရုန်းတိုက်ခိုက်မှုသည် မက်ခ်မူ (Makhmour) ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဘေးလ်အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့သော်လည်း မည်သည့်နေရာမှ လာရောက်တိုက်ခိုက်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အီရတ်ရှိ အီရတ်ရှီအိုက်လက်နက်ကိုင်အဖွဲ့များက အမေရိကန်အကျိုးစီးပွားများအပေါ် ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်း ရိုက်တာ က ဖော်ပြသည့် လုံခြုံရေးသတင်းရင်းမြစ်များအရ သိရသည်။

အီတလီ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရတ်ကာဒစ္စတန်ရှိ ၎င်းတို့၏ စစ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ နေတိုး (NATO) တပ်ဖွဲ့ဝင်များ ရှိနေသည့်နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံသည် အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း ၎င်း၏မဟာမိတ်များကို ကာကွယ်ပေးရန်အတွက် လေယာဉ်တင်သင်္ဘောအုပ်စုအပါအဝင် ရေတပ်သင်္ဘော ၁၂ စင်းခန့်ကို မြေထဲပင်လယ်၊ ပင်လယ်နီနှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဒေသများသို့ စေလွှတ်ဖြန့်ကျက်ထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။