မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်များမှာ ပိတ်ချင်သည့်အချိန် ပိတ်နေ၍ တန်းစီနေသူ များ အခက်တွေ့နေကြကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များမှာ စုံနှင့်မ ကို နားလည်သလို မှတ်ယူကာ တစ်ဆိုင် တစ်မျိုး ရောင်းချနေကြပြီး မည်သည့်အကြောင်းပြချက်မျှမပေးဘဲ ဆိုင်ပိတ်ချင်သည့်အချိန် ပိတ်နေကြ ကြောင်း မော်လမြိုင်မြို့ခံအချို့ထံက သိရသည်။
“ရှေ့ဂဏန်းနံပါတ်ယူတဲ့ဆိုင်ယူတယ်။နောက်ဂဏန်းယူတာလည်းရှိတယ်။ဂဏန်းကို ၂နဲ့စားတာ လည်းရှိတယ်။အဲဒါကထားတော့။အခုက ဆီတန်းစီနေရင်းနဲ့ ကိုယ့်အလှည့်ရောက်တော့ ဆိုင်ပိတ် သွားတာမျိုးတွေ လုပ်နေတာပဲ။ပြည်သူတွေ အရမ်းဒုက္ခရောက်တယ်”ဟု မော်လမြိုင်မြို့ခံလူမှုကူ ညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
မော်လမြိုင်မြို့ပေါ်ရှိ ဆီဆိုင်တိုင်းတွင် ၄၅မိနစ်ခန့် တန်းစီပြီးမှ ဆီဝယ်ယူရန် အလှည့်ရောက် ကြောင်း သိရသည်။
“ကျနော်တို့သထုံမှာလည်း မော်လမြိုင်လိုပါပဲ။မနက်က ဆီသွားတန်းစီတယ်။ကိုယ့်အလှည့်ရောက် ဖို့ ၁၀စီးလောက်အလိုကျတော့ ဆီကုန်သွားပြီတဲ့၊ဆိုင်ပိတ်လိုက်တယ်”ဟု သထုံမြို့၊ဘင်လှိုင်ရပ်ကွက် နေ အမျိုးသားတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့အနီးရှိ ပေါင်နှင့်ချောင်းဆုံမြို့တို့တွင်လည်း ဆိုင်ပိတ်ချင်သည့်အချိန် ပိတ်နေကြောင်း သိရသည်။
“အောင်ကြည်သိန်းက လောင်းကစားဝိုင်းတွေသာ ဖွင့်နေတာ။အခုအချိန်ထိ စုံ၊မ သေချာမအုပ်တတ် သေးဘူး။ဆီတန်းစီတဲ့ပြည်သူတွေ အဆင်ပြေအောင် ဆီဆိုင်တွေကို စနစ်တကျ control မလုပ်နိုင် ဘူး။ဝန်ကြီးချုပ်သာလုပ်နေတာ ကျပ်မပြည့်တာက ၅ပြား၊၁၀ပြားမဟုတ်ဘူး။တစ်မတ်လောက်လျော့ နေတာ”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားတစ်ဦးကပြောသည်။
မတ်လ၁၀ရက်မှစတင်ကာ ပေါင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ ပိတ်လိုက်ကြပြီး ယနေ့(မတ်လ ၁၄ ရက်) နံနက် ပိုင်းမှ ဆီဆိုင်များရှေ့၌ စုံဂဏန်း ကားနှင့်ဆိုင်ကယ်များ ပြန်လည်တန်းစီကြကြောင်း ပေါင်သတင်း များဖော်ပြနေသည့် ဝရဇိန်သတင်းအေဂျင်စီက ရုပ်သံရိုက်ကူးဖော်ပြထားသည်။
စာတည်း-ML
