By Daily Sabah
အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ရေနံတင်သင်္ဘောအချို့ကို ကန့်သတ်ချက်ဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုရန် စဉ်းစားလျက်ရှိပြီး ယင်းသို့ ဖြတ်သန်းရာတွင် ရေနံအရောင်းအဝယ်များကို တရုတ်ယွမ်ငွေဖြင့်သာ ပြုလုပ်ရမည်ဟူသော စည်းကမ်းချက်ကို ထည့်သွင်းဖွယ်ရှိကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားထားသည်။
အဆိုပါအရာရှိ၏ ပြောကြားချက်အရ ယခုကဲ့သို့ ဆောင်ရွက်ရန် စီစဉ်ခြင်းသည် မဟာဗျူဟာကျသော ရေလမ်းကြောင်းအတွင်း ရေနံတင်သင်္ဘောများ ဖြတ်သန်းစီးဆင်းမှုကို တီဟီရန်အစိုးရက စီမံခန့်ခွဲမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာ့ရေနံရောင်းဝယ်မှုစနစ်တွင် အမေရိကန်ဒေါ်လာကို အဓိကအသုံးပြုနေကြဆဲဖြစ်သော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ခံထားရသည့် ရုရှားရေနံကိုမူ ရူဘယ် သို့မဟုတ် ယွမ်ငွေဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း CNN က ဆိုသည်။
တရုတ်နိုင်ငံသည် ၎င်း၏ယွမ်ငွေကြေးကို ရေနံအရောင်းအဝယ်ကဏ္ဍတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် နှစ်ရှည်လများ ကြိုးပမ်းခဲ့သော်လည်း အမေရိကန်ဒေါ်လာသည် ကမ္ဘာ့အဓိက အရန်ငွေကြေးအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအတွက် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြားတွင် သွားလာမှုပြတ်တောက်နိုင်ခြေရှိခြင်းကြောင့် စိုးရိမ်မှုများမြင့်တက်လာကာ ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း (ရုရှား-ယူကရိန်းစစ်ပွဲ စတင်ချိန်နောက်ပိုင်း) အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် တစ်နေ့လျှင် ရေနံစည်ပေါင်း သန်း ၂၀ ခန့်နှင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့ (LNG) အရောင်းအဝယ်ပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းဖြစ်သည်။
ထိုသို့သော ရေလမ်းကြောင်းဖြတ်သန်းမှုကို ကန့်သတ်ခြင်းသည် ဒေသတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် သတိပေးလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်နိုင်ငံအပေါ် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ အပါအဝင် လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ပြီးနောက်ပိုင်း နှစ်ဖက်ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။
အီရန်နိုင်ငံသည် မတ်လ ၁ ရက်နေ့မှစတင်၍ ဟော်မုဇ်ရေလက်ကြားကို အထိရောက်ဆုံး ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
