မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ်တွင် နေပြည်တော်သို့ သွားမည့် စစ်ယာဉ်တန်း မိုင်းဆွဲတိုက် ခိုက်ခံရပြီး စစ်သားအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် အောင်လံမြို့နယ်၊ ကိုးပင် ကျေးရွာဘက်မှ ထွက်လာပြီး နေပြည် တော်သို့ သွားမည့် ဖောကား ၃ စီးနှင့် ဆိုင်ကယ် ၂ စီးပါ ယာဉ်တန်းကို တောင်တွင်းကြီးမြို့နယ် ၊ ရန် ကုန်-မန္တလေး အမှတ် ၂ လမ်းပေါ်ရှိ ဆတ်သွားကျေးရွာနှင့် ကိုးပင်ကျေးရွာကြား လမ်းပိုင်းတစ်နေရာ ၌ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖောကားတစ်စီးလည်း ပျက်စီးသွားကြောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့-ပုဏ္ဏဝတီက ယနေ့(မတ်လ ၁၆ ရက်) သတင်းထုတ်ပြန်သည်။
“ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီးပါ။ ကားကတော့ ဖောကားအကြီးတွေပါ။ ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲခဲ့တာပါဗျ။ ရှေ့ဆုံးက ကားကို ထိတာပါဗျ။ သေဆုံးသူ အရေအတွက်တော့ အတိအကျ မသိရဘူးဗျ”ဟု ပုဏ္ဏဝတီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မိုင်းထိသည့် ရှေ့ဆုံးကားမှာ မောင်းနှင်မရသည်အထိ ပျက်စီးခြင်းမဟုတ်သဖြင့် နေပြည်တော် ဘက်သို့ ဖြည်းဖြည်းချင်း ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။
ယင်းစစ်ယာဉ်တန်းသည် မိုင်းဆွဲခံရပြီးနောက် ပြန်လည် ပစ်ခတ်ခြင်းမျိုး မရှိကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာသည် နေပြည်တော်နှင့် ၃၅ မိုင်ခန့်ဝေးကြောင်း သိရသည်။
