အမေရိကန်နှင့် တရုတ်အရာရှိများသည် စပိန်နိုင်ငံတွင် ဒုတိယနေ့ကုန်သွယ်ရေးဆွေးနွေးပွဲကို တနင်္လာနေ့မှာ ကျင်းပနေပြီး TikTok ၏ တရုတ်ပိုင်ရှင်အနေဖြင့် ဝယ်မယ့်သူရှာမတွေ့ပါက အမေရိကန်တွင် ပိတ်ပင်ခံရမည့် သက်တမ်းကုန်ဆုံးရက်နီးကပ်လာနေကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုကြားက ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ရန် နောက်ဆုံးကြိုးပမ်းမှုအနေဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng ဦးဆောင်သည့် ဆွေးနွေးပွဲများကိုပြုလုပ်နေခြင်းဖြစ်သည်။
ပေကျင်းနှင့် ဝါရှင်တန်မှ ထိပ်တန်းကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လက ဆွီဒင်တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့နောက် အကောက်ခွန်ယာယီရပ်ဆိုင်းမှုကို ရက်ပေါင်း ၉၀ ထပ်တိုးခဲ့သည်။
သမ္မတ Trump က သူ့၏ ပထမသက်တမ်းအတွင်း လူကြိုက်များသည့် TikTok ကို ပိတ်ပင်ရန် အစကတောင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သူ့၏ ရပ်တည်ချက်ကို ပြောင်းလဲကာ လက်ရှိအချိန်အထိ ပိတ်ပင်မှုကို သုံးကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့သည်။
ပြီးခဲ့သည့်လက Trump က TikTok အတွက် ဝယ်သူတွေ့သည်အထိ သက်တမ်းကို ဆက်တိုးပေးမည်ဟု အကြံပြုခဲ့သည်။
ကမ္ဘာ့လူအသုံးအများဆုံး လူမှုမီဒီယာပလက်ဖောင်းတစ်ခုလည်းဖြစ်သည့် TikTok သည် အမေရိကန်တွင် သုံးစွဲသူ သန်း ၁၇၀ ခန့်ရှိသည်။
