ရန်ကုန်တွင် အမျိုးသမီးများပင် ပေါ်တာဆွဲခံရမည်ကို စိုးရိမ်နေ

ဓာတ်ပုံ - MPA

ရန်ကုန်မြို့ရှိ အမျိုးသမီးငယ်များပင်လျှင် အလုပ်သွား၊ပြန်အချိန်တိုင်း၌ ပေါ်တာဆွဲခံရမည် ကို စိုးရိမ်နေကြကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အိမ်ပြင်ပတွင် အလုပ်လုပ်နေသော အသက်၂၀နှင့် ၃၀ကြား အမျိုးသမီး၁၀ဦးကို MPA က မေးမြန်းခဲ့ရာ ၎င်းတို့က အထက်ပါအတိုင်း တညီတညွတ်တည်း ဖြေဆိုကြသည်။

“အဓိကကတော့ ညပိုင်း အိမ်ပြန်တဲ့အချိန်မှာ ပိုကြောက်တယ်။ကားမှတ်တိုင်မှာ လူသိပ်မရှိရင်ကို ကြောက်လာတယ်။ကားမှတ်တိုင်ကနေ အိမ်ကို လမ်းလျှောက်ပြန်ရင်လည်း နည်းနည်းလေးမှောင် တာနဲ့ တော်တော်သတိထားတယ်”ဟု တောင်ဥက္ကလာပမြို့နယ်၊၇ဆူဘုရားအနီးနေ အမျိုးသမီးငယ် တစ်ဦးက ပြောသည်။

၎င်းအမျိုးသမီး၁၀ဦးအနက် ၉ဦးမှာ လုယက်ခံရမည်ကို စိုးရိမ်မှု သိပ်မရှိကြသော်လည်း လှိုင်သာ ယာတွင် အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးကမူ လုယက်ခံရမည့်ဘေးရော စစ်တပ်ဖမ်းဆီးမည် ကိုပါ စိုးရိမ်ကြောင်း ဆိုသည်။

“စားဝတ်နေရေးအရ ဒီမှာ(လှိုင်သာယာ)အလုပ်လုပ်နေရတာ၊စက်ရုံအသွားရော အပြန်ရော အလုခံရ မှာ ကြောက်တယ်။ကိုယ်ပေါ်မှာ ဘာရွှေမှမရှိပေမဲ့ ပိုက်ဆံအိတ်လုပြီး လူကိုပါ လုပ်မှာကြောက် တယ်။ စစ်တပ်က ပေါ်တာဆွဲမှာလည်း ကြောက်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအမျိုးသမီး၁၀ဦးအနက် ၆ဦးမှာ အိမ်နှင့် ကားမှတ်တိုင် အတန်ငယ်လှမ်းသည့်နေရာတွင် နေထိုင် ကြပြီး ၎င်းတို့၏ မိသားစုဝင်တစ်ဦးဦးက ညနေရုံးမှအပြန်၌ မှတ်တိုင်တွင် လာစောင့်ကြိုလေ့ရှိ ကြောင်း ဆိုသည်။

ယင်းအမျိုးသမီး၁၀ဦးစလုံးမှာ အမျိုးသမီးးစစ်မှုထမ်းသင်တန်းဖွင့်လှစ်နေပြီဆိုသည်ကို ယုံကြည်ကြ သလို စစ်တပ်က ရန်ကုန်မြို့ပေါ် သွားလာနေသည့်အမျိုးသမီးများကိုလည်း ပေါ်တာဆွဲနိုင်ကြောင်း ယုံကြည်ကြသည်။

ရန်ကုန်တိုင်း၊မှော်ဘီအခြေစိုက် အမှတ်၄ အရာခံနှင့် အကြပ်ကြီးသင်ကျောင်းတွင် အမျိုးသမီးစစ်မှု ထမ်းသင်တန်းအပတ်စဉ်၁ ဖွင့်လှစ်နေသည်မှာ ၂လခန့်ရှိနေပြီဟု တပ်တွင်းသတင်းရင်းမြစ်များထံက သိရကြောင်း ဩဂုတ်၁၃ရက်၌ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့လမ်းများပေါ်တွင် လူငယ်(ကျား)များကို စစ်အုပ်စုဝင်တို့က အရပ်ဝတ်များဖြင့် ပေါ်တာဆွဲ လျက်ရှိသည်။