မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်၌ G12 စာမေးပွဲဖြေဆိုနေချိန်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီ၌ မလှိုင်မြို့အနောက်ဘက်ခြမ်းရှိ စုပေါင်းရုံးအနီးနှင့် ထန်းတောရပ်ကွက်တို့၌ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲကော်မရှင်ရုံးနားမှာ ဖြစ်သွားတာ။ ကားနားကို လာပစ်တာ၊ ၁၅ မိနစ်လောက် အပြန်အလှန်ပစ်နေကြတာ။ လက်နက်ကြီးပစ်တာတော့ မပါဘူး၊ သေနတ်သံတွေကတော့ အတော်များတယ်။ အဲ့ဒါပြီးတော့ ထန်းတောဘက်မှာလည်း ပစ်ကြတယ်။ သေဆုံးသူရှိပေမဲ့ အရပ်သားလား၊ တပ်ထဲကလားတော့ အတိအကျမသိရဘူး။ အဲ့ဒီရုံးမှာက စစ်သားသိပ်မရှိပါဘူး” ဟု မလှိုင်မြို့ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ရွေးကောက်ပွဲကော်မရှင်ရုံးအနီးဝန်းကျင်၌ စစ်ကော်မရှင်တပ်က ဘန်ကာများတည်ဆောက်ထားသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်၍ ဖြုတ်သိမ်းထားကြောင်း သိရသည်။
ထိုကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၍ မလှိုင်မြို့ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဘာသာရပ် ဖြေဆိုနေကြသည့် G12 ကျောင်းသူ၊ ကျောင်းသားများမှာလည်း မွန်းလွဲ ၂ နာရီခန့်မှ စာဖြေခန်းအပြင်သို့ ထွက်လာနိုင်ကြောင်း သိရသည်။
“လမ်းမကြီးပေါ်မှာ ရပ်ဝေး၊ ရပ်နီးက ကျောင်းသားမိဘတွေပဲ ရှိတယ်။ တိုက်ပွဲဖြစ်ပြီး သေနတ်သံကြားတော့ စာဖြေနေတဲ့ ကလေးဇောနဲ့လည်း သေရင်သေပါစေဆိုပြီး ဘယ်မှမရှောင်တော့ဘူး။ နေ့လယ် ၂ နာရီမှ ထွက်လာကြတယ်၊ အခုထိပြန်လို့မရသေးဘူး” ဟု ဝမ်းတွင်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(မလှိုင်)၊ အထက(ပန်းအိုင်)၊ အထက(ဆည်တို)နှင့် အထက(နှောကန်)တို့၌ စာစစ်ဌာန လေးခုရှိပြီး၊ အဆိုပါ စာစစ်ဌာနများမှာ တိုက်ပွဲ မကြာခဏဖြစ်ပွားသော နေရာများလည်း ဖြစ်သည်။
လက်ရှိတွင် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားထားခြင်းကြောင့် မလှိုင်မြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြိမ်းခြောက်ခြင်း၊ သံသယရှိသူများကို ဖမ်းဆီးထောင်ချခြင်းတို့ ပြန်လည်လုပ်ဆောင်လာမည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။
“ရွေးကောက်ပွဲကာလကတည်းက မလှိုင်မှာ ငြိမ်နေတာ။ ပေါ်တာလည်းမဆွဲဘူး။ အခု မြို့ပေါ်ထိ တိုက်ပွဲဖြစ်ထားတော့ အဖမ်းအဆီးများလာမှာကို စိုးရိမ်ရတာပေါ့။ အခုနေ့လယ်လည်း လမ်းပေါ်မှာ ဘာမှမရှိဘူး။ အရင်ကတည်းက ကြောက်လို့ သိပ်မထွက်ကြတာ၊ ခုက ပိုဆိုးပြီ” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
မလှိုင်မြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိနေသည့်အပြင် လေတပ်ဌာနချုပ်ရှိသည့် မိတ္ထီလာမြို့နှင့်လည်း ၂၂ မိုင်သာ ကွာဝေးသည်။
