မကွေးတိုင်း ၊ အောင်လံမြို့နယ်တွင် စစ်တပ်က ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်သဖြင့် နေအိမ်အလုံး ၄၀ ကျော်မီးလောင်ပြီး ပြည်သူ ၅၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သိရသည်။
ယနေ့ (မတ်လ ၁၇ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ ကပစ ၁၅ ဝင်ပေါက်ရှိ ရွာမထုံးကျေးရွာမှ ဟောင်ဝှစ်ဇာ အမြောက်များဖြင့် အင်တောသာကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ရာ ယင်းကျေးရွာထဲသို့ ၅ လုံးနှင့် အထက် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် အလုံး ၄၀ ကျော် မီးလောင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။
“၁၂ နာရီဝန်းကျင်ထိ ပစ်ခဲ့တာပါ။ ကပစ ၁၅ အဝင်ဂိတ် မှာရှိတဲ့ ရွာမထုံးရွာက ပစ်နေတာပါ။ ပစ်တာတော့ ၁၀ လုံး ကျော်မယ်။ အတိအကျတော့မသိနိုင်ဘူး။ ၅ လုံးနဲ့ အထက်တော့ ရွာထဲကျ တယ်။ ရွာတောင်ပိုင်းက အိမ်တွေ လောင်ကုန်တာပါ။ အိမ်ခြေ ၄၀ ကျော်ပါတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိကတော့ သေချာမသိရသေးပါဘူး”ဟု ဒေသတွင်းသတင်းရင်းမြစ်က MPA သို့ပြော သည်။
မတ်လ အစောပိုင်းမှ စတင်၍ စစ်တပ်က ဟောင်ဝှစ်ဇာဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ပြီး အောင် လံမြို့ တောင်ဘက်မြို့အဝင်ရှိ ဘွက်ကြီးဂိတ်မှလည်း ပစ်ခတ်လေ့ရှိကြောင်း သိရသည်။
“၁၅ ရက်နေ့တုန်းကမှ ကပစ ၁၅ကို ဟောင်ဝှစ်ဇာ သယ်လာပြီးပစ်တာဗျ။ ဘွက်ကြီးဂိတ်ကနေ အောင်လံမြို့ထဲပတ်သယ်ပြီးမှ ကပစ ကိုရောက်နေတာ။ ပစ်နေတာတော့ ၁၇ရက်လောက်ကို ရှိပြီ။ တစ်ရက်နေ့ကနေ စပစ်တာဆိုတော့လေ။ ညနေဆို ဒရုန်းလည်းလာတယ်ဗျာ။ ဒရုန်းက ဘွက်ကြီး ဂိတ်ကလည်း လွှတ်တယ်။ ကပစ ကလည်း လွှတ်တယ်။ အင်တောသာရွာရဲ့ တောင်ဘက်မှာလည်း ကျော်စွာလို့ခေါ်တဲ့ စကမရဲ့ သံမဏိစက်ရုံရှိတယ်။ အဲဒီကနေလည်းလွှတ်တယ်”ဟု ၎င်းကဆက် လက် ပြောသည်။
စစ်တပ်၏ ဟောင်ဝှစ်ဇာ ပစ်ခတ်မှုများကြောင့် အင်တောသာ ၊ အင်းရွာကြီး ၊ စည်ရွာ ၊ ကျောက် စောင်း ၊ ကဇွန်းအင်း ၊ချင်းကုန်းကြီး ၊ဆင်တုတ်နှင့် ကျားမွေးကျေးရွာတို့မှ ဒေသခံ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။
မတ်လ ၁၁ ရက် နံနက်ပိုင်းတွင်လည်း စစ်တပ်က အင်တောသာ ကျေးရွာသို့ တိုက်ခိုက်ရေးဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နွား ၂ ကောင် သေဆုံးပြီး နေအိမ် ၂ လုံး ဗုံးစထိမှန်ခဲ့ကြောင်း အောင်လံမြို့ မြေပြင် စစ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသေးသည်။
