ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ဘူဖျောင်းမြို့တွင် ကျင်းပမည်ဟု သိရသည်။
မတ်လ၂၁ရက်၊ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာ များသမဂ္ဂ(ဗလကသ)က ဦးဆောင်ကာ ဘူဖျောင်းမြို့ရှိ ရွှေမော်မြိုင်စားသောက်ဆိုင်တွင် ကိုရီးယား စံတော်ချိန် ည၈နာရီမှ ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း ယင်းပွဲတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည့် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းထံ က သိရသည်။
“ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ကဗျာနေ့မှာ ပြည်တွင်း၊ပြည်ပကဗျာဆရာတွေ ဆုံကြ မယ်။ ကဗျာထုံကူးမှုတွေ လုပ်ကြဖို့ရည်ရွယ်ပါတယ်။ ပြည်တွင်းက ကဗျာဆရာတွေကိုလည်း ဖိတ် ကြားထားပြီးတော့ ကိုရီးယားမှာရှိတဲ့ ကဗျာချစ်ခင်သူတွေနဲ့ ဆုံကြမှာဖြစ်ပါတယ်။ ပြည်တွင်းက က ဗျာဆရာတွေကတော့ အခက်အခဲအမျိုးမျိုးကြားကနေ Zoomကနေ တက်ရောက်ပြီး ရွတ်ကြမှာ ဖြစ်ပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ယင်းပွဲဖြစ်မြောက်ရေးအတွက် ပြည်တွင်းရှိ ဗလကသမှ ကဗျာဆရာများက ကူညီပံ့ပိုးထားပြီး ကိုရီးယားနိုင်ငံရောက် ဗလကသ(အဝေးရောက်)ကဗျာဆရာကိုလင်းအိမ်နှင့် ကိုကွန်းဆက်တို့က တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။
ယင်းကဗျာရွတ်ပွဲတွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးဝင်းပေါ်မောင်တို့လည်း ကဗျာရွတ်ဆိုကြမည်ဟု သိရသည်။
