အီရန်ဘက်မှ ပစ်ခတ်မှုကြောင့်ဟု ယူဆရသော တိုက်ခိုက်မှုတစ်ခုကြောင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုတွင် အမေရိကန် F-35 တိုက်လေယာဉ်တစ်စင်း ထိခိုက်ပျက်စီးခဲ့ပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက ပြောကြားသည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တင်မ် ဟော့ကင်းက ရေဒါဖြင့် ဖမ်းမမိနိုင်သည့် အဆိုပါ ပဉ္စမမျိုးဆက် Stealth Jet သည် အီရန်နိုင်ငံကောင်းကင်၌ ပျံသန်းနေစဉ် အရေးပေါ်ဆင်းသက်ရန် အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
“လေယာဉ်ဟာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သလို လေယာဉ်မှူးရဲ့ ကျန်းမာရေးအခြေအနေကလည်း တည်ငြိမ်မှုရှိပါတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟုလည်း ဟော့ကင်းက ဆိုသည်။
ယခုဖြစ်စဉ်သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့သော စစ်ပွဲအတွင်း အမေရိကန်လေယာဉ်တစ်စင်းအား အီရန်ဘက်မှ ပထမဆုံးအကြိမ် ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထက်မနည်း တန်ဖိုးရှိသော F-35 တိုက်လေယာဉ်များကို အသုံးပြုလျက်ရှိပါသည်။
အမေရိကန်စစ်တပ်သည် ယခုစစ်ပွဲအတွင်း အခြားသော လေယာဉ်အချို့ ဆုံးရှုံးခဲ့ဖူးသော်လည်း ရန်သူ့ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရခြင်းမျိုး မရှိခဲ့သေးပေ။
အမေရိကန် F-15 တိုက်လေယာဉ် ၃ စင်းမှာ ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ဖူးပြီး လေယာဉ်အဖွဲ့ဝင် ၆ ဦးလုံး ဘေးကင်းစွာ လွတ်မြောက်ခဲ့ သည်။
ထို့ပြင် ပြီးခဲ့သည့်အပတ်ကလည်း အီရတ်အနောက်ပိုင်းတွင် KC-135 လေယာဉ်ဆီဖြည့်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း ရန်သူ့ပစ်ခတ်မှုကြောင့် မဟုတ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် လေယာဉ်အဖွဲ့ဝင် ၆ ဦးစလုံး သေဆုံးခဲ့သည်။
