ဝမ်းတွင်းတွင် အိမ်ထဲအိပ်နေသူနှင့် အာရုံဆွမ်းပို့သူပါမချန် စစ်တပ် ပေါ်တာဆွဲ

ပုံစာ - ဝမ်းတွင်းဈေး။(ပုံဟောင်း)

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထဲ အိပ်နေသူနှင့် အာရုံဆွမ်းပို့သူပါမချန် စစ်တပ်က ပေါ်တာဆွဲသွားကြောင်း သိရသည်။

ယနေ့(မတ်လ ၂၀ ရက်) နံနက် ၅ နာရီခွဲခန့်မှ စတင်၍ မိတ္ထီလာဘက်မှ Light Truck ကား ၂ စီး၊ ဆိုင် ကယ် ၂ စီးဖြင့် ထွက်လာသည့် စစ်သားများ သည် ဝမ်းတွင်းမြို့နယ်ရှိ အိုင်သာ ၊ ဒါးလှ ၊ ဉာဏ်ကန် နှင့်ရှောက်တောကျေးရွာများ၌ ပေါ်တာဝင်ဆွဲခဲ့ရာ အိုင်သာကျေးရွာမှ ၂ ဦး ၊ ဉာဏ်ကန် ရှောက်တောကျေးရွာမှ ၄ ဦး ၊ သစ်ပုလွေကန်ကျေးရွာမှ တစ်ဦးနှင့် ဒါးလှကျေးရွာမှ တစ်ဦး စုစုပေါင်း အမျိုးသား ၈ ဦး ပေါ်တာဆွဲ ခံလိုက်ရကြောင်း Voice of Wundwin က သတင်းထုတ်ပြန်သည်။

“တခြားရွာက လူ‌တွေ၊ အသက်တော့မသိဘူး။ အိုင်သာက ၂ ယောက်ကတော့ တစ်ယောက်က ၂၀ ခန့် ၊ တစ်ယောက်က ၃၅ ကျော်။ မိတ္ထီလာကနေလာဆွဲတာ။ မိတ္ထီလာကိုပဲ ပြန်ခေါ်သွားမယ် ထင် တယ်။ မိန်းကလေးမပါဘူးဗျ။ ကျားတွေချည်း ဆွဲခံရတာ”ဟု Voice of Wundwin မှ တာဝန်ရှိသူတစ် ဦးက MPA သို့ပြောသည်။

ယင်းစစ်သားများသည် ယနေ့(မတ်လ ၂၀ ရက်) နံနက် ၉ နာရီခွဲအထိ ပေါ်တာဆွဲနေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မိတ္တီလာဘက်မှ လာ၍ ပေါ်တာဆွဲနေသည်မှာ ၃ ရက်ရှိပြီဖြစ်ပြီး ၃ ရက်အတွင်း လူအ ယောက် ၃၀ ခန့် ပေါ်တာဆွဲ ခံထားရကြောင်း သိရသည်။

ထို့အပြင် ယနေ့(မတ်လ ၂၀ ရက်) နံနက် ၈ နာရီခန့်တွင် မိတ္ထီလာဘက်မှ Light Truck ကား တစ်စီးလျှင် စစ်သား ၁၅ ဦးခန့်ပါသည့် ကား ၃ စီးသည် ဝမ်းတွင်းမြို့နယ် ၊ ပင်းတလဲကျေးရွာဘက်သို့ ရောက်ရှိ‌နေသဖြင့် ထပ်မံ ပေါ်တာဆွဲနိုင်ခြေ ရှိကြောင်း Voice of Wundwin က သတိပေး ထား သည်။