စစ်တပ်နဲ့ ကြံ့ဖွံ့ကို မွန်ပါတီ ကြောက်ရသဖြင့် လွှတ်တော်အကြီးအကဲနေရာ ဝင်မပြိုင်ရဲဟုဆို

ဓာတ်ပုံ-Min Aung Htoo ဖေ့စ်ဘွတ်ခ်
တရားမဝင်မွန်ပြည်နယ်လွှတ်တော် တက်ရောက်နေသော မွန်ညီညွတ်ရေးပါတီအမတ်များ။

မွန်ညီညွတ်ရေးပါတီသည် စစ်တပ်နှင့် ကြံ့ဖွံ့ကို ကြောက်ရသဖြင့် ပြည်နယ်လွှတ်တော်အကြီးအကဲ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခြင်းမရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီသည် ကြံ့ဖွံ့ပြီးလျှင် ဒုတိယအများဆုံးအနိုင်ရထားသည့် ပါတီ ဖြစ်ပြီး ပြည်နယ်လွှတ်တော်၌ ၇ဦး ရွေးကောက်ခံထားရသော်လည်း မတ်၂၀ရက်က ပြုလုပ်သော တ ရားမဝင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ ရွေးချယ်ရာတွင် ကြံ့ဖွံ့နှင့်အပြိုင် ဝင်ရွေးချယ်ခံ ခြင်း မရှိခဲ့ပေ။

“အဓိကအချက်က စစ်တပ်နဲ့ကြံ့ဖွံ့ကို မွန်ပါတီက ကြောက်ရတယ်။စစ်တပ်ရဲ့ ပေးစာကမ်းစာ လောက်ပဲ ကျေနပ်ရမယ်ဆိုတာ သိတယ်။စစ်တပ်နဲ့ကြံ့ဖွံ့က ငြိုငြင်သွားရင် ပြည်နယ်အစိုးရဖွဲ့တဲ့အ ခါ ဝန်ကြီးတစ်နေရာတောင်မရမှာ စိုးရိမ်ကြတယ်။ရိုင်းရိုင်းပြောရရင် မွန်ပါတီဆိုတာ သူတောင်းစား နိုင်ငံရေးပဲ လုပ်တတ်တာ”ဟု ဒေသတွင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPA သို့ပြောသည်။

ယမန်နေ့က မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌရွေးချယ်ရာတွင် မွန်ညီညွတ်ရေးပါတီဘက်က အပြိုင်အဆိုတင်သွင်းသူမရှိသဖြင့် ကြံ့ဖွံ့အမတ် သက်ထွေးနှင့် မင်းအောင်မြင့်တို့က မဲခွဲစရာမလိုဘဲ ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရသည်။

“ကျနော်တို့ မွန်ပါတီက အမတ်တွေကို သွားမေးကြည့်လိုက်။သူတို့က မဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးတွေ ဘာတွေ လုပ်မယ်ဆိုတာချည်း ပြောတာ။သူတို့ပြောတဲ့ငြိမ်းချမ်းရေးဆိုတာ စစ်တပ်ပြောတဲ့အတိုင်း လက်ညှိုးထောင် ခေါင်းညိတ် လုပ်ပြီး စီးပွားရှာစားမယ့်အကွက်။စစ်တပ်မပြောနဲ့၊ကြံ့ခိုင်ရေးကို တောင် မော်မကြည့်ရဲကြဘူး။ တစ်ခုတော့ရှိတယ်။မနေ့က လွှတ်တော်ဥက္ကဌတို့ဒုဥက္ကဌတို့ကို ဝင်အ ရွေးမခံတာက နေပြည်တော်ကနေ တိုက်ရိုက်ချပေးထားတာမို့ ဝင်အရွေးခံရင် အပြစ်မြင် ခံရတာ ပဲ အဖတ်တင်မှာ သိတာကြောင့်လည်း ပါတယ်”ဟု မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သော အဝေး ရောက် သက္ကောရွာသား (ချောင်းဆုံမြို့နယ်)တစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေ၊ မွန်ပြည်နယ်အတွင်း ဒုတိယအများဆုံး အနိုင်ရထားသည့် မွန်ညီညွတ်ရေးပါတီက လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ ဝင်အရွေးမခံရဲခြင်းမှာ နိုင်ငံရေးအရ အရှက်ရစရာဖြစ်ကြောင်း ၎င်းက ပြောသည်။

တရားမဝင်မွန်ပြည်နယ်လွှတ်တော်တွင် အတုအယောင်ရွေးကောက်ခံ ကြံ့ဖွံ့အမတ် ၁၁ဦး၊ မွန်ညီညွတ်ရေးပါတီအမတ် ၇ဦး၊ တစည၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့ တစ်ဦးစီတို့ ရှိကြသည်။

မွန်ပြည်နယ်လွှတ်တော်ကို ကြံ့ဖွံ့က ဦးဆောင်ပြီး အစိုးရအဖွဲ့ကို စစ်တပ်က ဦးစီးမည်ဟု ခန့်မှန်းရ ကြောင်း ဒေသတွင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံက ဆိုသည်။

ဓာတ်ပုံ-Min Aung Htoo ဖေ့စ်ဘွတ်ခ်
ပုံစာ- တရားမဝင်မွန်ပြည်နယ်လွှတ်တော် တက်ရောက်နေသော မွန်ညီညွတ်ရေးပါတီအမတ်များ။
စာတည်း-ML