တရားမဝင် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဓာတ်ပုံ - CDF Hakha
ချင်းပြည်နယ်လွှတ်တော်အဆောက်အဦးကို ဒရုန်းဖြင့်တိုက်ခိုက်နေစဉ်။

ဟားခါးမြို့တွင် တရားမဝင် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက် ခိုက်ခံခဲ့ရကြောင်း သိရသည်။

မတ်လ ၂၀ရက်၊ နံနက် ၁၀ နာရီခန့်က ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ လွှတ်တော်အဆောက် အအုံတွင် အစည်းအဝေးကျင်းပနေစဉ် CDF Hakha က ‌အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဟားခါးမြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

“မနက် ၁၀ နာရီ လောက်ကနေ စပြီး ဒရုန်းနဲ့ လာချတာ။ နာရီဝက်လောက်ကြာမယ်။ ၄ကြိမ်လောက် လာချတယ်။ စစ်တပ်ဘက်ကလည်း ဒရုန်းတွေကို ပြန်ပစ်ချတယ်။ ဒရုန်းတစ်စင်းတော့ ပျက်ကျသွား တယ်။ ညနေ ၄နာရီလောက်အထိ စစ်တပ်ဘက်က ဟိုပစ်ဒီပစ် လျှောက်ပစ်နေတာတော့ ရှိတယ်။ လွှတ်တော်အဆောက်အအုံတွေတော့ ထိခိုက်ပျက်စီးမှုရှိတယ်။ ကားတချို့လည်း ပျက်စီးတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိတယ်လို့တော့ ခုမနက်ထိ မကြားရသေးဘူး ” ဟု ၎င်းက ပြော သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရသော်လည်း တရားမဝင်ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို ဆက် လက် ပြုလုပ်ခဲ့ပြီး ကြံ့ဖွံ့ပါတီ၏ အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ပူးကောလ် လျန်ထန်း ( Pu Kawl Lian Thang ) ကို ပြည်နယ်လွှတ်တော်ဥက္ကဌ အဖြစ် တင်မြှောက်ကာ ဒုဥက္က ဌမှာ သန့်ဇင်ဦးဖြစ်ကြောင်း သိရသည်။

” အစည်းအဝေးကတော့ ဆက်ဖြစ်ပါတယ်။ လုံခြုံရေးကတော့ တိုးမြှင့်ထားတာပေါ့။ တိုက်ခိုက်မှု ဖြစ်ချိန်ကစလို့ ဒီမနက်အထိ။ လွှတ်တော်ခေါ်မှာမို့ ချင်းဦးစီးရပ်ကွက်ကို မနေ့မနက်ကတည်းက လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတာ။ မြို့ထဲလည်း တောက်လျှောက် ကင်းပတ်တာတွေ၊ စစ်ဆေးမေးမြန်းနေတာတွေ လုပ်တယ်။ မသင်္ကာလို့ လူဖမ်းဆီးခံရတာတော့ မကြားမိသေးဘူး ” ဟု ၎င်းက‌ဆက်လက်ပြောသည်။

တရားမဝင်ချင်းပြည်နယ်လွှတ်တော်ခေါ်ယူရန် အတုအ‌ယောင်ရွေးကောက်ပွဲ အနိုင်ရအမတ်များနှင့် စစ်တပ်က စေလွှတ်သည့် အမတ်များကို မတ်လ ၁၇ရက်က ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့သို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး တိုက်ခိုက်မှု ရုပ်သံဖိုင်ကို CDF-Hakha Support Team of North America က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်နှင့် ပတ်သက်၍ ယင်းတပ်ဖွဲ့ ဗဟိုကော်မတီဝင်တစ်ဦးထံ MPA က ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေဆိုခြင်းမရှိသေးပေ။

စစ်ကော်မရှင်က မတ်လ ၂၀ရက်တွင် တရားမဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ပြုလုပ်ကာ လွှတ်တော်အကြီးအကဲများ ခန့်အပ်ခဲ့သည်။

ဓာတ်ပုံ – CDF Hakha
ပုံစာ – ချင်းပြည်နယ်လွှတ်တော်အဆောက်အဦးကို ဒရုန်းဖြင့်တိုက်ခိုက်နေစဉ်။
စာတည်း-ML