စစ်တပ်မီးရှို့ခဲ့သော ချောင်းဦး ငါးယှန်ရွာ မီးလောင်မှုအား သတင်းအမှားဟု စစ်လော်ဘီများ ဗြောင်လိမ် ငြင်းဆန်နေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးယှန်ရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့သော်လည်း စစ်တပ်လော်ဘီများ က သတင်းအတု၊ သတင်းအမှားဟူ၍ ဗြောင်လိမ်ဝါဒဖြန့်နေကြသည်။

သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော “Mawshan Myay Media” က ၂၀၂၆ မတ် ၂၀ရက် မွန်းလွဲ ၃ နာရီကျော်တွင် သတင်းအမှားကို ဖြန့်ဝေထားခြင်းဖြစ်သည်။

“ချောင်းဦးမြိုနယ်၊ ငါန်းယှန်ကျေးရွာကို လုံခြုံရေးတပ်ဖွဲဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်း အမှားများ လုပ်ကြံရေးသား”ဟု (မူရင်းရေးသားချက်) Khit Thit Media က သတင်း Screenshot နှင့်အတူ ရေး တင်ထားခြင်းဖြစ်သည်။

သတင်းအမှားလင့်ခ် – https://archive.ph/Ua2LR

အခြားသော စစ်တပ်လော်ဘီများကလည်း ကူးယူဖြန့်ဝေနေသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအမှားလင့်ခ်များ

Ka Ka Han – https://archive.ph/UUYIc
ရွှေဘ – https://archive.ph/NjCyZ

ငါးယှန်ရွာ မီးရှို့ခံရမှု မည်သူလက်ချက်ဖြစ်ကြောင်း သိရှိရန် MPA Fact-Check team က အချက်အလက်စစ် ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “ ချောင်းဦးမြို့နယ် ငါးယှန်ရွာ မီးရှို့ခံရမှု”ဟု ရေးသားရှာဖွေရာ Red Peacock မီဒီယာက သတင်းဖြစ်စဉ်အပြည့်အစုံကို ရေးတင်ထားသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာကို မတ် ၁၉ရက် နံနက်ပိုင်းတွင် ငါးကြိမ်မြောက်အဖြစ် စစ်တပ် က မီးရှို့ခဲ့ကြောင်း၊ နံနက် ၈နာရီကနေ ညနေ ၄နာရီအထိ မီးရှို့ဖျက်ဆီးနေကြောင်း Red Peacock သတင်း မီဒီယာ က သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/ZFNht

မြေလတ်အသံ မီဒီယာကလည်း မတ်လ ၁၉ ရက် မနက် ၇ နာရီခန့်တွင် ငါးယှန်ရွာအတွင်း အင်အား ၅၀ ကျော် ဖြင့် အထိုင်ချထားသော စစ်ကော်မရှင်တပ်က ရွာထဲရှိ နေအိမ်များမီးရှို့ခဲ့ကြောင်း၊ အိမ်ခြေ ၁၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို မေးမြန်း၍ သတင်းရေးသားထား သည်။ ငါးယှန်ကျေးရွာတွင် ၂၀၂၄ အတွင်း စစ်ကော်မရှင်စစ်ကြောင်းများ အထိုင်ချနေစဉ်ကစ၍ ဒေသခံများ သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် မီးရှို့ချိန်၌ ရွာခံများ မရှိကြောင်း သိရသည်။

သတင်းလင့်ခ် – https://bitly.cx/YvcO2

ကမ္ဘာပေါ်ရှိ မီးလောင်ကျွမ်းမှုဖြစ်စဉ်များကို သိရှိနိုင်သော NASA ၏ Fire Information Resources for Management System(FIRMS)၌ ငါးယှန်ရွာတွင် မီးလောင်မှု ရှိ၊ မရှိ သိရန် စစ်ဆေးခဲ့သည်။

ငါးယှန်ကျေးရွာတွင် မတ် ၁၉ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနီရောင်အမှတ်အသား တွေ့ရှိရသဖြင့် မီး လောင်မှု အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြု စစ်ဆေးနိုင်ခဲ့သည်။

မီးလောင်မှု အတည်ပြုချက်လင့်ခ် – https://bitly.cx/dqitn

၂၀၂၃ ခုနှစ် မေလ ၁၁ရက် တွင် ငါးယှန်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၂၀၀ခန့် ပြာကျခဲ့ ကြောင်း People’s Spring သတင်းမီဒီယာက သတင်းဖော်ပြထားသည်။

သတင်းလင့်ခ် – https://bitly.cx/9BahX

သုံးသပ်ချက်

ချောင်းဦးမြို့နယ် ငါးယှန်ရွာတွင် စစ်တပ်မီးရှို့ခဲ့မှုကြောင့် အိမ်ခြေ ၁၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။

ထို့ပြင် မီးလောင်မှု အချက်အလက်စစ်ဆေးနိုင်သော FIRMS အသုံးပြု၍လည်း မီးလောင်မှုကို အတည်ပြုနိုင်ခဲ့ သည်။

စစ်တပ်လော်ဘီများက မီးလောင်မှုမဖြစ်ပွားခဲ့ကြောင်း ဗြောင်လိမ်ငြင်းဆိုနေသော်လည်း စစ်တပ်မီးရှို့မှုကြောင့် အမှန်တကယ်မီးလောင်ကျွမ်းခဲ့သည်။

ထို့ကြောင့် စစ်တပ်လော်ဘီများ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေသော အကြောင်းအရာသည် ဖြစ်စဉ် အမှန်ကို ဖုံးကွယ်ထားသော သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ ယုံကြည် လက်ခံခြင်းမပြုဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza