ကရင်နီ ပြည်ထောင်စုလမ်းမကို ထိန်းချုပ်ထားသည့် စစ်တပ် ရှေ့ဆက်တိုးရန် ကြိုးစားသော်လည်း KNDF ခုခံမှုကြောင့် အောင်မြင်မှုမရှိသေး

ကရင်နီပြည်နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်ထားပြီး ရှေ့ဆက်တိုးရန် ကြိုးစားသော်လည်း KNDF ခုခံမှုကြောင့် အောင်မြင်မှုမရှိသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့မှစတင်ကာ ပြည်ထောင်စုလမ်းပိုင်းများပေါ်၌ စစ်ကော်မရှင်မှ ယာယီတပ်စွဲကာ အလုံးစုံထိန်းချုပ်နိုင်ရန် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခိုင်မာသည့် တပ်တွင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခုက လမ်းမကြီးတစ်ခုလုံးကို ထိန်းထားနိုင်တာမျိုး မဟုတ်ဘဲ လမ်းပိုင်းတွေကို သိမ်းထားနိုင်တာမျိုးပါ။ ထိတွေ့မှုကတော့ နည်းပါတယ်။ တိုက်ပွဲကြီးတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကော်မရှင်တပ်အနေဖြင့် ပြည်ထောင်စုလမ်းပိုင်းကို ယခင်ကတည်းက အကြိမ်ကြိမ် စစ်ကြောင်းထိုးနေသော်လည်း ယနေ့အချိန်အထိ ပြည်ထောင်စုလမ်းမကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကော်မရှင်က တော်တော်တော့ ကြာပြီ၊ နှစ်ပေါက်နေပြီပေါ့။ ဒီကုန်းလမ်းတွေကို အသုံးမပြုနိုင်အောင် ကျွန်တော်တို့ အကုန်လုံး ထိန်းချုပ်ထားတာတွေ ရှိတယ်။ အခုကလည်း ဒီအင်အားအလုံးအရင်းနဲ့ တချို့လမ်းမကြီးပေါ် တက်လာတာမျိုးတွေ ရှိတယ်။ လမ်းမကြီးပေါ် တက်လာပြီဆိုကတည်းက ဒီလမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာမျိုးလို့ ကျွန်တော်တို့ သုံးသပ်လို့ ရတာပေါ့။ အဓိကက သူတို့ ကုန်းလမ်းပေါ်ကနေ ပြန်သွားချင်တဲ့ ပုံစံမျိုး၊ ဒါပေမဲ့ ဒီကြိုးစားမှုတွေက အခုမှ မဟုတ်ဘူး၊ ကြာနေပြီ။ ဟိုးအရင်ကတည်းကပဲ၊ ဒါပေမဲ့ အခုချိန်အထိ မရသေးတာပါ” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များကို တော်လှန်ရေးတပ်များမှ ခုခံကာကွယ်ရေး စစ်နည်းဗျူဟာဖြင့် တိုက်ခိုက်နေပြီး လမ်းပိုင်းများတွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း KNDF ဗဟို၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အထက်ပါ လမ်းပိတ်မှုများကြောင့် စပါးစိုက်ပျိုးသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ၎င်းတို့၏ စပါးများကို ရောင်းချရန် လမ်းကြောင်းမရှိခြင်းနှင့် ယခုနှစ် စပါးစိုက်ပျိုးရန် ရင်းနှီးငွေ အလွယ်တကူ မရှိခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း၊ စစ်ဘေးရှောင်ကော်မတီ၏ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“ဖေဖော်ဝါရီလ ၆ ရက်လောက်ကတည်းက လမ်းတွေ ကားဖြတ်လို့ မရတော့တာ အခုထိပဲ။ လူနာတွေနဲ့ ဈေးသည်တွေက ပိုဒုက္ခရောက်တာပေါ့။ ပြီးတော့ လွိုင်ကော်ဘက်ကနေပြီး ကုန်အဝင်အထွက်နဲ့ ကုန်ကားပိတ်တာတွေ လုပ်တော့ ဆီဈေးတွေနဲ့ ကုန်ဈေးနှုန်းတွေ တက်သွားတာ ကြုံနေရတယ်။ ပြီးတော့ စပါးတွေ ရောင်းမရတော့ အကုန်ပိတ်နေတာပေါ့။ အဓိကက ဆန်ချောနဲ့ ဆန်ကြမ်း နှစ်မျိုးစလုံး ရောင်းစရာနေရာ မရှိတော့ တောင်သူတွေ ပိုက်ဆံပြတ်နေရတာ။ အရင်ကဆို အနောက်ခြမ်းကိုလည်း ရောင်းရတော့ စပါးပြန်စိုက်ဖို့ အရင်းရတာပေါ့။ အခုတော့ စပါးတွေပဲ ပုံနေတာ” ဟု ၎င်းက ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် ဆန်အမာနှင့် ဆန်အပျော့ နှစ်မျိုးကို အဓိကရောင်းချကြပြီး ယခုနှစ်တွင် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေသဖြင့် နေ့စဉ်ကုန်ကျစရိတ်များကိုပင် ခြွေတာနေရကာ ကြွေးမြီတင်သူများပင် ရှိနေကြောင်း MPA က စုံစမ်းသိရှိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်မှ ပြည်ထောင်စုလမ်းမကြီးအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်းဖြင့်သာ သွားလာနေရပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးကာ ကုန်သွယ်ရေးနှင့် သွားလာရေးများ ဖြတ်တောက်ခဲ့သလို၊ လမ်းမကြီးပေါ်တွင်လည်း နေရာယူ တပ်စွဲမှုများ ရှိနေကြောင်း ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဒေသခံများက ပြောသည်။

စာတည်း-ကိုဆန်း