စစ်ကိုင်းတိုင်း၊ကသာမြို့ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရဟန်းနှင့်ပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးမှုကို မည်သည့် သံဃာ့နာယကအဖွဲ့ကမှ တားဆီး ကန့်ကွက်မှုမရှိခြင်းမှာ အလွန် စက်ဆုပ်ဖွယ်ရာပင်ဖြစ်ကြောင်း Voice of Wundwin က ထုတ်ပြန်လိုက်သည်။
မတ်လ၂၀ရက် နေ့ခင်းဆွမ်းစားချိန်တွင် ကသာမြို့၊ရပ်ကွက်၃အတွင်း စစ်ဘေးရှောင်များ ခိုလှုံနေ သော မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ ကလေးငယ်များ အပါအဝင် ရဟန်းနှင့် စစ်ရှောင်ပြည်သူ ၅၀ကျော် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
“မနေ့က မနက် ၁၁ နာရီခန့် ဆွမ်းစားချိန်မှာ ကသာမြို့ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါ်ကို ဗုဒ္ဓ ဘာသာဝင်များမောင်းနှင်သော လေယာဉ်မှူးများက ဗုဒ္ဓဘာသာဝင်စစ်ခေါင်းဆောင်များ၏ အမိန့်ဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆွမ်းစားနေစဉ် ဗုံးကြဲချရာဆွမ်းစားနေသော ဗုဒ္ဓဘာသာ ရဟန်းတော် များ ပျံလွန်တော်မူကြပြီး ဆွမ်းကပ်နေသော ဆွမ်းဒကာ ဒကာမများ သေဆုံးကြရသည်။ဤ ဖြစ်စဉ် မျိုး အမြောက်အမြားဖြစ်နေသော်လည်း မည်သည့် သံဃနာယကအဖွဲ့ကမျှ မတားဆီးကြဘဲ…… အဆီရစ်နေကြကုန်သော သံဃအဖွဲ့အစည်းမှာ အလွန်ရွံရှာ စက်ဆုတ်ဖွယ်ရာဖြစ်လေတော့သည်”ဟု Voice of Wundwin က ယနေ့(မတ်၂၁ရက်) ထုတ်ပြန်သည်။
မြေပြင်တွင် ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးနေသူများထံမှ ကြားသိရသောအချက်အလက်များအရ သံဃာနှင့်ပြည်သူ ၅၀ကျော် သေဆုံးမှုမှာ ဖြစ်နိုင်ကြောင်း အဝေးရောက် ကသာဇာတိသားတစ်ဦးက MPAသို့ပြောသည်။
“မနေ့က တိုက်ပွဲဖြစ်တဲ့ သဖန်းကုန်းဆိုတာက အခု ရပ်ကွက်၁၀ထဲမှာ။သဖန်းကုန်းကိုလည်း ဗုံးကြဲ လို့ လူတွေသေဆုံးကြသေးတယ်။အခုဗုံးကြဲခံရတဲ့ ဘုန်းကြီးကျောင်းက ရပ်ကွက်၃ရဲ့အစွန်။ရပ်ကွက် ၃ ပြီးတော့ ရပ်ကွက်၁၀။ သဖန်းကုန်းနဲ့က သိပ်မနီးဘူး။ ဟိုလို အဝေးကြီးလည်း မဟုတ်ဘူး”ဟု ၎င်း က ပြောသည်။
မဟာလေးထပ်ဘုန်းကြီးကျောင်းပရဝဏ်သည် ကျယ်ဝန်းပြီး ဘုန်းကြီးကျောင်းမှန်း သိသာထင်ရှား သည့် သာသနိကအဆောက်အအုံများလည်း ရှိကြောင်း စစ်တပ်က တိုက်လေယာဉ်များဖြင့် ဘုန်းကြီး ကျောင်းမှန်းသိလျက်ပင် ဗုံးကြဲချခြင်းဖြစ်ကြောင်း သိရသည်။
“လူထုကိုကူညီလို့ ဗုံးကြဲခံရလို့ သေဆုံးကြရင် လူထုသေတာမျိုးဖြစ်ဖြစ် ၊ ဘုန်းကြီးသေဆုံးတာ မျိုးပဲဖြစ်ဖြစ် စစ်တပ်ကို အမြင်မစောင်းအောင် ဘုန်းကြီးအများစုက ဖုံးဖိပေးကြတာ ဒကာတော်” ဟု ဩစတြေးလျ၌ သီတင်းသုံးနေသော ဆရာတော် အရှင်ပညာဒီပ က မိန့်သည်။
ယင်းဘုန်းကြီးကျောင်းထဲတွင် မြို့ပြင်သို့ စစ်မရှောင်နိုင်သူ ပြည်သူ၁၀၀ ခန့် ခိုလှုံနေကြကြောင်း Indaw Revolution က ထုတ်ပြန်သည်။
စစ်ကော်မရှင်က တရားမဝင် တိုင်းနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေးများ စတင်သည့်နေ့တွင် ဗုံးကြဲချခြင်း ဖြစ်သည်။
ဓာတ်ပုံ- Indaw Revolution
ပုံစာ-ဘုန်းကြီးကျောင်း ဗုံးကြဲခံရသည့်ပုံများ။
စာတည်း-ML
