South China Morning Post
ကမ္ဘာကျော် ရှောင်လင်ကျောင်းတိုက်၏ ကျောင်းထိုင်ဟောင်းဖြစ်သူ ရှီယုံရှင်း၏ ငွေကြေးနှင့် ကာမဂုဏ်ဆိုင်ရာ အရှုပ်တော်ပုံများစွာ ထွက်ပေါ်ခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး လေးလအကြာတွင် အစိုးရရှေ့နေများက ၎င်းအား စွဲချက်တင်လိုက်သည်။
တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ ရှင်းရှန်းမြို့ရှိ အစိုးရရှေ့နေများက ရှီယုံရှင်းအား အများပိုင်ပစ္စည်း အလွဲသုံးစားမှု၊ ရန်ပုံငွေကို မလျော်ကန်သော နည်းလမ်းဖြင့် အသုံးပြုမှု၊ အစိုးရမဟုတ်သော အရာရှိတစ်ဦးအနေဖြင့် လာဘ်ယူမှုနှင့် လာဘ်ထိုးမှု စသည့်စွဲချက်များဖြင့် တရားစွဲဆိုထားကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၆၀ အရွယ်ရှိ ဆရာတော် ရှီယုံရှင်းသည် ရှောင်လင်ကျောင်းတိုက်ကို ၂၅ နှစ်ကျော်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ကျောင်းထိုင်ဆရာတော်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။
ယင်းလမှာပင် တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က ရှီယုံရှင်းအား “ဗုဒ္ဓဘာသာဝင်များ၏ ဂုဏ်သိက္ခာနှင့် ရဟန်းသံဃာတော်များ၏ ပုံရိပ်ကို ပြင်းထန်စွာ ထိခိုက်စေသည်” ဟု စွပ်စွဲကာ ၎င်း၏ ရဟန်းအဖြစ် သတ်မှတ်ချက် (Buddhist credentials) ကို ရုပ်သိမ်းခဲ့သည်။ ထို့ပြင် ၎င်းနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများကိုလည်း မှတ်ပုံတင်ပယ်ဖျက်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒေသခံအာဏာပိုင်များက ၎င်းအား ရာဇဝတ်မှုဆိုင်ရာ စွဲချက်များစွာဖြင့် ဖမ်းဆီးရန် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းကျူးလွန်ခဲ့သည်ဟု ဆိုသော ငွေကြေးပမာဏ အတိအကျကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ငွေကြေးဆိုင်ရာ စွဲချက်များအပြင် ရှီယုံရှင်းသည် ဝိနည်းတော်များကို ဖောက်ဖျက်ကာ အမျိုးသမီးအများအပြားနှင့် “မလျော်ကန်သော ဆက်ဆံရေး” ထူထောင်ခဲ့ပြီး အနည်းဆုံး ကလေးတစ်ဦး၏ ဖခင်ဖြစ်သည်ဟူသော စွပ်စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်။
စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ (MBA) ရရှိထားသည့် ရှီယုံရှင်းသည် ရှောင်လင်ကျောင်းတိုက်ကို အိမ်ခြံမြေနှင့် ဖျော်ဖြေရေးလုပ်ငန်းများ အပါအဝင် ဒေါ်လာဘီလီယံနှင့်ချီတန်သော ကမ္ဘာသိ အမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သူဖြစ်ရာ “CEO ဘုန်းကြီး” ဟုပင် အမည်ပြောင် ရရှိခဲ့သူဖြစ်သည်။
သူသည် ၁၉၈၁ ခုနှစ်တွင် ကျောင်းတိုက်သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်၊ အသက် ၃၄ နှစ်အရွယ်တွင် ကျောင်းထိုင်ဆရာတော် ဖြစ်လာခဲ့သည်။
ရှောင်လင်ကျောင်းတိုက်ကို စီးပွားဖြစ်အလွန်အကျွံ လုပ်ဆောင်နေသည်ဟူသော ဝေဖန်မှုများအပေါ် ရှီယုံရှင်းကမူ နှစ်ပေါင်း ၁,၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ဘာသာရေးအဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ယခုကဲ့သို့ စီးပွားရေးလုပ်ဆောင်ရန် လိုအပ်သည်ဟု တုံ့ပြန်ပြောကြားခဲ့ဖူးသည်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှောင်လင်ကျောင်းတိုက်သည် ရှောင်လင်ကွန်ဖူးပညာ၏ အခြေတည်ရာနေရာအဖြစ် အသိအမှတ်ပြုခံထားရသည်။
ရှီယုံရှင်း၏ အရှုပ်တော်ပုံသည် တရုတ်နိုင်ငံရှိ ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေခဲ့သဖြင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ သံဃာတော်များ၏ အကျင့်စာရိတ္တကို ပိုမိုကြီးကြပ်နိုင်ရန်အတွက် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်က ပထမဆုံးသော ကြီးကြပ်ရေးအဖွဲ့ကို ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။
တရုတ်နိုင်ငံ၏ စတုတ္ထအဆင့် အမြင့်ဆုံးအရာရှိ ဝမ်ဟုနင်း (Wang Huning) က ဗုဒ္ဓဘာသာအဖွဲ့ချုပ်အနေဖြင့် “ဘာသာရေးအပေါ် ဘက်စုံနှင့် တင်းကျပ်သော အုပ်ချုပ်မှု” ကို ကျင့်သုံးရန်နှင့် “သာသနာ့ဝန်ထမ်းများအနေဖြင့် ဥပဒေကို လိုက်နာရန် အသိပညာပေးမှုများ တိုးမြှင့်ရန်” တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
ထို့ပြင် ဟီနန်ပြည်နယ် ပါတီအကြီးအကဲ လျူနင်း ကလည်း ကျောင်းတိုက်အသစ်သို့ သွားရောက်စဉ်အတွင်း ကျောင်းတိုက်နှင့် စီးပွားရေးလုပ်ငန်းများအကြား ရှင်းလင်းသော စည်းမျဉ်းသတ်မှတ်ချက်များထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
