အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးပြီးနောက် အိန္ဒိယနှင့် အာရှမှ ရေနံချက်စက်ရုံများ အီရန်ရေနံဝယ်ယူရန် ပြင်ဆင်နေ

ဓာတ်ပုံ - EPA
ဆော်ဒီအာရေဗျနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်း၍ ရေနံစိမ်းများ တင်ဆောင်လာသည့် လိုက်ဘေးရီးယားနိုင်ငံအလံတင် သင်္ဘော Shenlong မတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းဆိပ်ကမ်း သို့ ဆိုက်ရောက်လာစဉ်။

Reuters

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အခက်အခဲကို သက်သာစေရန် အမေရိကန်က ပိတ်ဆို့အရေးယူမှုများကို ယာယီဖယ်ရှားပေးလိုက်သဖြင့် အိန္ဒိယရေနံသန့်စင်စက်ရုံများက အီရန်ရေနံပြန်လည်ဝယ်ယူရန် စီစဉ်နေကြပြီး အာရှရှိ အခြားရေနံချက်ရုံများကလည်း ထိုသို့ဝယ်ယူနိုင်မည့်အခြေအနေကို လေ့လာနေကြကြောင်း မတ်လ ၂၁ ရက်နေ့တွင် ကုန်သည်များက ပြောကြားခဲ့သည်။

အိန္ဒိယရေနံချက်လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် သုံးခုက ၎င်းတို့အနေဖြင့် အီရန်ရေနံကို ဝယ်ယူသွားမည်ဖြစ်ပြီး ငွေပေးချေမှုဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ အစိုးရ၏ ညွှန်ကြားချက်နှင့် အမေရိကန်အစိုးရထံမှ ရှင်းလင်းချက်ကို စောင့်ဆိုင်းနေကြောင်း ဆိုသည်။

အခြားသော အာရှရေနံတင်သွင်းသည့် နိုင်ငံကြီးများထက် ရေနံစိမ်းသိုလှောင်မှု ပမာဏ ပိုမိုနည်းပါးသည့် အိန္ဒိယရှိ ရေနံသန့်စင်စက်ရုံများသည် အမေရိကန်က ပိတ်ဆို့အရေးယူမှုများကို ယာယီရုပ်သိမ်းပေးလိုက်ပြီးနောက် ရုရှားရေနံများကိုပါ အပြိုင်အဆိုင် မှာယူခဲ့ကြသည်။

အာရှရှိ အခြားရေနံချက်စက်ရုံများကလည်း အီရန်၏ရေနံကို ဝယ်ယူနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထရမ့်အစိုးရအဖွဲ့သည် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးသား အီရန်ရေနံများကို ဝယ်ယူနိုင်ရန်အတွက် ရက်ပေါင်း ၃၀ ကြာ ပိတ်ဆို့မှု ကင်းလွတ်ခွင့်ကို မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့သည်။

နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ၏ အဆိုအရ အဆိုပါ ကင်းလွတ်ခွင့်သည် ပိတ်ဆို့အရေးယူခံထားရသည့် ရေနံတင်သင်္ဘောများအပါအဝင် မတ်လ ၂၀ ရက် သို့မဟုတ် ထိုနေ့မတိုင်မီ တင်ဆောင်ထားပြီး ဧပြီလ ၁၉ ရက်နေ့နောက်ဆုံးထား၍ ချပေးမည့် မည်သည့်သင်္ဘောပေါ်ရှိ ရေနံနှင့်မဆို သက်ဆိုင်မည်ဖြစ်သည်။

ယခုအကြိမ်သည် စစ်ပွဲစတင်ကတည်းက အမေရိကန်က ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို တတိယအကြိမ်မြောက် ယာယီဖြေလျှော့ပေးခြင်း ဖြစ်သည်။

အီရန်ရေနံစိမ်း စည်ပေါင်း ၁၇၀ သန်းခန့်သည် အရှေ့အလယ်ပိုင်းပင်လယ်ကွေ့မှသည် တရုတ်နိုင်ငံအနီး ရေပိုင်နက်များအထိ ပြန့်ကျဲနေသော သင်္ဘောများပေါ်တွင် ရှိနေကြောင်း ရေနံစိမ်းစျေးကွက်အချက်အလက်ဆိုင်ရာ Kpler ၏ အကြီးတန်းမန်နေဂျာ အီမန်နျူရယ်ဘလိုစတီနိုက ပြောသည်။

Energy Aspects အကြံပေးလုပ်ငန်းကမူ မတ်လ ၁၉ ရက်နေ့တွင် ရေပြင်ပေါ်ရှိ အီရန်ရေနံပမာဏမှာ စည်ပေါင်း သန်း ၁၃၀ မှ ၁၄၀ ကြားရှိမည်ဟု ခန့်မှန်းထားပြီး၊ ယင်းမှာ လက်ရှိ အရှေ့အလယ်ပိုင်း၏ ၁၄ ရက်စာ ထုတ်လုပ်မှု လျော့နည်းမှုပမာဏအောက်ပင် နည်းပါးနေသည်။

အာရှသည် ၎င်း၏ ရေနံစိမ်းလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းအတွက် အရှေ့အလယ်ပိုင်းကို အားကိုးနေရပြီး၊ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်လုနီးပါးဖြစ်နေခြင်းကြောင့် ဒေသတွင်းရှိ သန့်စင်စက်ရုံများကို လုပ်ငန်းလည်ပတ်မှုလျှော့ချရန်နှင့် လောင်စာဆီတင်ပို့မှုများကို ဖြတ်တောက်ရန် ဖိအားပေးနေသကဲ့သို့ ဖြစ်နေသည်။

သမ္မတထရမ့်သည် အီရန်၏ နျူကလီးယားအစီအစဉ်ကြောင့် ၂၀၁၈ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ခဲ့ သည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် အီရန်၏ အဓိကဖောက်သည် ဖြစ်လာခဲ့သည်။ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံအများစုက ထိုရေနံစိမ်းကို ရှောင်ကြဉ်နေချိန်တွင် တရုတ်နိုင်ငံမှ ကိုယ်ပိုင်ရေနံချက်စက်ရုံများသည် စျေးနှုန်းအထူးလျှော့ပေါ့မှုများကို သဘောကျသဖြင့် ၂၀၂၅ ခုနှစ်တွင် တစ်နေ့လျှင် စည်ပေါင်း ၁.၃၈ သန်းအထိ ဝယ်ယူခဲ့ကြောင်း Kpler အချက်အလက်များက ဖော်ပြသည်။

အီရန်ရေနံဝယ်ယူရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများမှာ ငွေပေးချေမှုဆိုင်ရာ မရေရာမှုများနှင့် ရေနံအများစုမှာ သက်တမ်းရင့်နေပြီဖြစ်သော ‘မှောင်ခိုသင်္ဘောအုပ်စု” ပေါ်တွင် ရှိနေခြင်းတို့ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။