ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကို We are Stronger, We are Together စိတ်ဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် မင်းအောင်လှိုင်က ၎င်းတို့တာဝန်ယူသည့် ငါးနှစ်တာကာလအတွင်း ကိုဗစ်ကူးစက်ရောဂါ၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ဘေးတို့ကို ဆက်တိုက်ရင်ဆိုင်ခဲ့ရကြောင်းနှင့် ယင်းဘေးဒဏ်များကို အခွင့်အလမ်းအဖြစ် အသုံးပြုကာ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်သွားမည်ဟု ဆိုသည်။
သို့သော်လည်း ပြည်သူများ၏ အမြင်မှာမူ ကွဲပြားခြားနားလျက်ရှိပြီး မန္တလေးမြို့ခံတစ်ဦးက “ငလျင်လှုပ်တုန်းက ကူညီခဲ့တာဟာ ပြည်သူအချင်းချင်းနဲ့ ပရဟိတအဖွဲ့တွေပဲ ဖြစ်ပါတယ်။ အစိုးရယန္တရားက ကူညီတာထက် စာရင်းဇယားလိုက်ကောက်တာနဲ့ ဟန်ပြလုပ်တာပဲ တွေ့ရတယ်” ဟု မြေပြင်အခြေအနေကို ပြောကြားသည်။
မိန့်ခွန်းအတွင်း We are Together ဟု သုံးနှုန်းသွားခြင်းမှာလည်း လက်တွေ့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ စစ်ကော်မရှင်သည် မြေပြင်တွင် ပြည်သူ့ကျေးရွာများကို မီးရှို့ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲခြင်းများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ အတူတကွရှိနေသည်ဟု ပြောကြားခြင်းမှာ လှောင်ပြောင်ရာရောက်ကြောင်း တော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “သူက သဘာဝဘေးတွေကိုပဲ အသားပေးပြောသွားတာ။ တကယ်တမ်း ပြည်သူတွေ အဆိုးရွားဆုံး ခံစားနေရတဲ့ စစ်ဘေးနဲ့ စီးပွားရေးပြိုလဲမှုဆိုတဲ့ လူလုပ်ဘေးအန္တရာယ်ကိုတော့ ချန်လှပ်ထားခဲ့တယ်” ဟု ဆိုသည်။
ထို့အပြင် မင်းအောင်လှိုင်က သဘာဝဘေးအတွက် ကြိုတင်စီမံပါက ပြန်လည်ထူထောင်ရေးစရိတ် ၇ ဆခန့် သက်သာနိုင်ကြောင်း ပညာရှင်များ၏ အဆိုကို ကိုးကားပြောဆိုပြီး လက်တွေ့တွင် စစ်ကော်မရှင်သည် ဘေးအန္တရာယ်ကာကွယ်ရေးထက် စစ်လက်နက်ပစ္စည်းဝယ်ယူရေးတွင်သာ ဘဏ္ဍာငွေအမြောက်အမြား သုံးစွဲနေခြင်းအပေါ် ပြည်သူများက မေးခွန်းထုတ်နေကြသည်။
ငလျင်ဒဏ်ခံခဲ့ရသည့် မိသားစုများမှာလည်း ယနေ့ထက်တိုင် အိုးအိမ်ပြန်လည်တည်ဆောက်ရန် ခက်ခဲနေဆဲဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် လူမှုစီးပွားဘဝများ နာလန်မထူနိုင်ဘဲ ဖြစ်နေသည်။
“Together လို့ ပြောပေမယ့် ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို သူတို့က ဘေးကနေ ရပ်ကြည့်နေတာပဲ ရှိတာပါ” ဟု ငလျင်ဘေးအန္တရာယ်သင်ခဲ့သည့် မန္တလေးမြို့ခံ ပြည်သူတစ်ဦးက ညည်းထွားသည်။
ထို့ပြင် မင်းအောင်လှိုင်က အနာဂတ်တွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော နိုင်ငံတော် တည်ဆောက်မည်ဟု ပြောကြားခဲ့သေ်ာလည်း စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ်တွင်သာ အခြေခံနိုင်သော်လည်း လက်ရှိတွင် စစ်ကော်မရှင်က စစ်မီးကိုသာ တိုးမြှင့်နေသည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
စစ်ကော်မရှင်၏ လက်အောက်တွင် သဘာဝဘေးစီမံခန့်ခွဲမှုသည် ဟန်ပြလုပ်ဆောင်ချက်များသာ ဖြစ်နေပြီး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း နိုင်ငံတကာ အစီရင်ခံစာအချို့တွင်လည်း ဖော်ပြထားသည်။
စာတည်း-ကိုဆန်း
