တစ်လီတာရဖို့ အသက်နဲ့ရင်းနေရတဲ့ နေပူအောက်က ပြည်သူ့ဘဝများ

By Hlaing / MPA (ဆောင်းပါး)

နွေကာလရဲ့အစဖြစ်တဲ့ မတ်လနောက်ဆုံးပတ်ရဲ့ နေပူရှိန်ဟာ ဧပြီလလောက် မပြင်းထန်သေးပေမဲ့ နေပူရှိန်ကတော့ သိသိသာသာကို ရိုက်ခက်လာပါပြီ။

ကိုမင်းသူတို့ မဂဏန်းနံပါတ် ငါးယောက်အုပ်စုဟာ အနည်းငယ်အအေးဓာတ်ရှိနေသေးတဲ့ မနက် ၃ နာရီမှာ အိပ်ရာထ၊ လူစုပြီး ဓာတ်ဆီတန်းစီတဲ့နေရာကို သွားကြပါတယ်။ မနက် ၃ နာရီဆိုပေမဲ့ ကိုမင်းသူတို့ရဲ့ရှေ့က ဆိုင်ကယ်တန်းကြီးဟာ ရှည်လျားလွန်းလှပါတယ်။ စုစုပေါင်း ဆိုင်ကယ်အစီးရေ ၁၅၀ ကျော်၊ လေးဖာလုံနီးပါးလောက် ရှိပါတယ်။

မနက် ၃ နာရီကနေ တန်းစီပြီး ဝယ်လိုက်ရတဲ့ ဓာတ်ဆီနှစ်လီတာ (၇၀၀၀ ကျပ်ဖိုး) ကို မနက် ၈ နာရီခွဲအချိန်ကျမှ ရရှိပါတယ်။ ပင်ပန်းလွန်းလို့ အပြင်ဆိုင်ကနေ ဝယ်ချင်ရင်လည်း တစ်လီတာကို ၈၀၀၀ ကျပ်အထိ ပေးရတဲ့အပြင် လိုအပ်သလောက်လည်း ဝယ်မရပြန်တာကြောင့် ခက်ခဲလှပါတယ်။

“နေ့လယ်နေပူတာကိုကျတော့ ကျတော့်အသက်အရွယ်နဲ့ ဒဏ်မခံနိုင်ဘူးလေ။ ကျတော့်အသက်က ၆၀ ကပ်နေပြီ။ အပြင်ဆိုင်ကနေ ဝယ်စီးဖို့ကလည်း တစ်လီတာ ၈၀၀၀ ဖြစ်နေတော့ မနက်အစောဘဲ အိပ်ရေးပျက်ခံပြီး တန်းစီလိုက်တယ်။ စုံဂဏန်းနေ့ကျတော့ ဆီမထုတ်ရတော့ အိမ်မှာတင်ဘဲ နေနေရတယ်” လို့ ကိုမင်းသူက သူ့ရဲ့ မဂဏန်းမနက်ခင်းတစ်ခု စတင်ပုံကို ပြောပြပါတယ်။

“ယာဉ်တွေ စုံ/မ သတ်မှတ်မောင်းတာတွေ၊ တန်းစီပြီး ဆီထုတ်နေရတာတွေကို အမြန်ဖျက်သိမ်းပေးဖို့ လိုအပ်နေပြီ။ အောက်ခြေလူတန်းစားမှာက တော်တော်လည်း ဒုက္ခရောက်နေပြီ” လို့ ကိုမင်းသူနဲ့အတူတူ ဆီတန်းစီနေတဲ့ ကိုမျိုးထွန်းကလည်း ရင်ဖွင့်ပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ စက်သုံးဆီတန်းစီသူတွေဟာ မနက်၊ နေ့လယ်၊ ညဆိုပြီး ခွဲခြားတာတွေ မလုပ်နိုင်ကြတော့ဘဲ ဓာတ်ဆီတစ်လီတာ၊ နှစ်လီတာရဖို့အရေး နေပူထဲမှာ တန်းစီစောင့်နေရတာ၊ ညကြီးသန်းခေါင် အိပ်ရေးပျက်ခံ တန်းစီနေရတာတွေကြောင့် အသက်ဆုံးရှုံးလာကြတဲ့ ဖြစ်စဉ်တွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေပါတယ်။

၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက် မနက်ပိုင်းမှာ အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ အသက် ၆၉ နှစ်အရွယ် အဆိုတော် ဦးပတ်ထရစ်တင်ထွန်းဟာ စက်သုံးဆီတန်းစီနေတဲ့ ကားတွေကြားထဲ ထိုးရပ်ပြီး သူ့ရဲ့ကားပေါ်မှာပဲ သေဆုံးခဲ့ပါတယ်။

မတ် ၂၅ ရက်နေ့ကလည်း မန္တလေးမြို့က အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် စစ်ကိုင်း-မန္တလေးလမ်းပိုင်းပေါ်က စက်သုံးဆီတန်းစီရာမှာ နာရီနဲ့ချီအောင် စောင့်ဆိုင်းဝယ်ယူခဲ့ပြီးနောက် အိမ်ပြန်အရောက်မှာ လဲကျသေဆုံးခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ် ၂၃ ရက် နေ့လယ်မှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒွန်းရွာက အသက် ၄၀ နှစ်အရွယ် ဆိုင်ကယ်အငှားယာဉ်မောင်းတစ်ဦးသည် စက်သုံးဆီတန်းစီပြီး နေအိမ်ပြန်အရောက်မှာ သွေးပေါင်ကျပြီး သေဆုံးခဲ့ပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ စက်သုံးဆီရရှိဖို့အရေး တန်းစီဝယ်ယူနေရပြီးတော့ အပူရှပ်သေဆုံးတာတွေ၊ မူးမေ့လဲတာတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီလို လဲကျသေဆုံးတာတွေကိုလည်း စစ်ကော်မရှင်တပ်ဘက်က မထီမဲ့မြင်ပြုထားတာဟာ လူ့အသက်တွေကို တန်ဖိုးမထားတဲ့ သက်သေများစွာထဲက တစ်ခုပါ။

“စားအုန်းဆီတန်းစီရ၊ ငွေထုတ်တော့လည်း တန်းစီရ၊ အခု စက်သုံးဆီကျတော့လည်း တန်းစီရ။ EV ကား၊ လျှပ်စစ်ကား၊ ဆိုလာ မဝယ်နိုင်တဲ့ ပြည်သူတွေ အများကြီးရှိနေသေးတယ်ဆိုတာ သက်ဆိုင်ရာတွေက ငဲ့ညှာသင့်တယ်။ အခုဟာက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လုပ်နေတာ” လို့ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မတ် ၂၅ ရက် ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်တွေ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“နေပူရှိန်က နေ့လယ် ၁၂ နာရီကနေ ၄ နာရီထိ အရမ်းပြင်းတယ်။ ဆီတန်းစီတဲ့သူတွေအနေနဲ့ နေပူဒဏ်ကာတဲ့ အဝတ်အစား၊ ဓာတ်ဆား၊ ရေ များများသောက်သုံးသင့်တယ်။ နေပူထဲက ပြန်ရောက်ရောက်ချင်း ရေကို တအားမသောက်မိဖို့လည်း ဂရုစိုက်ရမယ်။ လူကြီးပိုင်းတွေကတော့ ရာသီဥတုနဲ့ ကျန်းမာရေးအခြေအနေတွေအရ ဆီတန်းစီတာ မလုပ်သင့်ပါဘူး” လို့ CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က အရှေ့အလယ်ပိုင်းစစ်ပွဲများ စတင်ချိန်ကစပြီး နိုင်ငံအတွင်း သုံးစွဲမှုနဲ့ ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်၊ ဆိုင်ကယ်များအတွက် QR Code များ၊ ကားများအတွက် Bar Code Scan ဖတ်ခြင်းတို့နဲ့ ဆီဖြည့်ခြင်းစနစ်တွေကို လုပ်ဆောင်ခဲ့ပြီး၊ အဲဒီစနစ်ထဲမှာပဲ တစ်ပတ်ကို အများဆုံးနှစ်ကြိမ်သာ ဆီထုတ်ယူခွင့်ရမယ့်စနစ်ကို ထပ်မံထည့်သွင်းနေတယ်လို့ မတ် ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

“ဆိုင်ကယ်တွေက အဲဒီနှစ်ကြိမ်မှာ ရှစ်လီတာထုတ်ရမယ်တဲ့။ ပုံစံအမျိုးမျိုးနဲ့ ထုတ်ပြန်ချက်တွေ တစ်ခုပြီးတစ်ခုသာ ထုတ်နေတာ၊ အဆင်ပြေလာတယ်ဆိုတဲ့ အသံမကြားရဘူး” လို့ မုံရွာမြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ဝန်းကျင်ကလို ညမအိပ်ဘဲ ရှေ့ကဆိုင်ကယ်ရဲ့ နောက်ဘီးနဲ့ နောက်ကဆိုင်ကယ်ရဲ့ ရှေ့ဘီးတွေကို ချိန်းကြိုးတွေ၊ သော့တွေနဲ့ခတ်ပြီး စောင့်ဆိုင်းတန်းစီပြီးနောက်၊ မနက်လင်းတဲ့အခါမှာလည်း ဓာတ်ဆီနှစ်လီတာရဖို့အတွက် ဆီစာအုပ်လေးတွေ ကိုင်ပြီး ထပ်မံတန်းစီရတဲ့ဘဝကို ဘယ်ပြည်သူကမှတော့ ရောက်ချင်တော့မှာ မဟုတ်ပါဘူး။

“အဲဒီတုန်းက ကျမက နာမည်ကြီးဆီဆိုင်ကြီးတစ်ခုရဲ့ ဆိုင်ခွဲတစ်ခုမှာ မန်နေဂျာပေါ့။ ဆီတန်းစီရင်း နေရာလုကြ၊ ရန်တွေဖြစ်ကြလို့ လုံခြုံရေးတွေခေါ်ပြီး တားရဆီးရတာတွေ လုပ်ရတယ်။ အဲဒီခေတ်ကိုလည်း နောက်ပြန်မခေါက်ချင်တော့ဘူး။ ကျမတို့ပြည်သူတွေမှာ အဘက်ဘက်က ဒုက္ခတွေချည်းပဲ” လို့ ရမည်းသင်းမြို့နယ်က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဓာတ်ဆီတစ်လီတာရဖို့အရေး နေပူထဲမှာ တန်းစီဝယ်ယူနေရတဲ့အဖြစ်ကို ပြည်သူတွေဘက်ကလည်း ဝေဖန်မှုတွေ မြင့်တက်နေတဲ့အပြင် စစ်ကော်မရှင်ကလည်း ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေ မထုတ်ပြန်နိုင်သေးပါဘူး။

စာတည်း-ကိုဆန်း