ရခိုင်ပြည်နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က အပိုင်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်မှာ ကာလအတန်ကြာမြင့်နေပြီ ဖြစ်သော်လည်း စစ်ကော်မရှင်လော်ဘီများဘက်ကမူ မြေပြင်အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝါဒဖြန့်မှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။
အထူးသဖြင့် စစ်ကော်မရှင်ထောက်ခံသူများက စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ပါက အမ်းမြို့ကို တစ်လအတွင်း ပြန်လည်ရရှိမည် ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြနေကြသည်။
ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ စစ်ရေးအရ အရှုံးကြီးရှုံးနေသည့် စစ်ကော်မရှင်တပ်သားများနှင့် ၎င်းတို့၏ အသိုင်းအဝန်းကြား စိတ်ဓာတ်မပြိုကွဲစေရန် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
“တကယ်တော့ အမ်းမြို့လို ဗျူဟာမြောက်တဲ့ စစ်ဌာနချုပ်အခြေစိုက် မြို့ကြီးတစ်မြို့ ကျဆုံးသွားတာဟာ ရခိုင်ပြည်နယ်ထဲက စစ်ကော်မရှင်ရဲ့ အဓိကစစ်ရေးမဏ္ဍိုင်ကြီး တစ်ခုလုံး ပြိုလဲသွားတာပဲလေ။ လော်ဘီတွေကတော့ အမ်းကို ပြန်သိမ်းမယ်လို့ ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ၊ ဗျူဟာကျတဲ့နေရာကို AA ကပြန်အပါခံမှာမဟုတ်ဘူး။ ရခိုင်စစ်မြေပြင်မှာ စစ်တပ်က အသေများနေတာ လူတိုင်းအသိပါပဲ ” ဟု ၎င်းက ပြောသည်။
အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ရက်တွင် သိမ်းပိုက်ပြီးနောက် ပိုမိုခိုင်မာသော အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်လျက်ရှိပြီး၊ စစ်ကော်မရှင်လော်ဘီများကမူ မတိုက်ဘဲ တည်ထားခြင်းဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာ၌ အကြောင်းပြထားသည်။
“စစ်ကော်မရှင်ဘက်ကတော့ အမ်းမြို့ကို ပြန်ပြီးထိုးစစ်ဆင်နိုင်ဖို့ နေနေသာသာ၊ လက်ရှိမှာ အင်အားတောင် မရှိတော့တာပါ။ အခုဆိုရင် အမ်းမြို့ကို ကျွန်တော်တို့ အာရက္ခတပ်တော်ကပဲ အပြည့်အဝ စိုးမိုးထားပြီးသား ဖြစ်ပါတယ်။ လော်ဘီတွေ ဘယ်လောက်ပဲ အော်နေပါစေ မြေပြင်မှာတော့ အမ်းဟာ ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေပါတယ်” ဟု မြေပြင်ရဲဘော်တစ်ဦးက အတည်ပြုသည်။
စစ်ကော်မရှင်တပ်များသည် နယ်မြေတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည့်အပြင် အမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်မှာ လက်ရှိစစ်ရေးဗျူဟာအရ မဖြစ်နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေသည်။ ၎င်းတို့အနေဖြင့် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများကိုသာ အားကိုးနေရပြီး မြေပြင်ခြေလျင်စစ်ကြောင်းများမှာမူ AA ၏ စစ်ရေးအရှိန်အဟုန်ကို မယှဉ်နိုင်တော့ကြောင်း သိရသည်။
စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ အမ်းမြို့ကျဆုံးမှုသည် စစ်ကော်မရှင်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး၊ ပြန်လည်သိမ်းပိုက်မည်ဟု ဝါဒဖြန့်နေခြင်းမှာ ပြည်သူလူထုအား အထင်အမြင်မှားစေရန်နှင့် စစ်ရှုံးနေသည့် အဖြစ်မှန်ကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လော်ဘီများသည် လူမျိုးရေးအရ ပုတ်ခတ်သည့် စကားလုံးများကို အသုံးပြုကာ ရခိုင်ပြည်သူများနှင့် အာရက္ခတပ်တော် (AA) ကြား သွေးခွဲရန် ကြိုးစားနေကြပြီး ဤလုပ်ရပ်မှာ စစ်ရေးအရ အရေးနိမ့်သည့်အခါတိုင်း စစ်ကော်မရှင်ဘက်က အသုံးပြုလေ့ရှိသည့် ဝါဒဖြန့်ချိရေး နည်းလမ်းဟောင်းတစ်ခုသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်လော်ဘီများ၏ အမ်းမြို့ကို တစ်လအတွင်း ပြန်သိမ်းမည်ဆိုသည့် ပြောကြားချက်မှာ စစ်ရှုံးနေသော အာဏာရှင်များ၏ နောက်ဆုံးထွက်သက် ဝါဒဖြန့်မှုသာ ဖြစ်သည်ဟု ထောက်ပြမှုများလည်းရှိသည်။
စာတည်း-ကိုဆန်း
