မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်အဖြစ် ရေပန်းစားနေသော ဗိုလ်မှူးချုပ်အောင်ဝင်းသန်းသည် ရာထူးမရ မီကပင် အာဏာပြကာ သထုံထွေအုပ်ရုံးထဲ ဝင်ရောက်ငေါက်ငမ်းသွားကြောင်း သိရသည်။
မတ်၂၈ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊သထုံမြို့၊မင်းလမ်းမပေါ်၌ ရှင်လောင်းလှည့်နေစဉ် လူငယ် များကို မြင်ပြီးနောက် သထုံမြို့ထွေအုပ်ရုံးထဲသို့ ဝင်ကာ လူငယ်အများအပြား ရှိနေလျက်ဖြင့် ဘာ့ ကြောင့် စစ်မှုထမ်းတပ်သားသစ် လိုအပ်နေသလဲဟု ဝင်ငေါက်သွားကြောင်း ဒေသခံတစ်ဦးထံက သိ ရသည်။
“ရှင်လောင်းလှည့်နေတဲ့လူငယ်တွေကိုမြင်ပြီး ထွေအုပ်ရုံးထဲဝင်သွားပြီးတော့ လူငယ်တွေဒီလောက် များနေတာ လေ့ကျင့်ရေး၉ မှာ ဘာလို့ စစ်မှုထမ်းတပ်သားသစ် လိုရတာလဲ။အုပ်ချုပ်ရေးမှူးတွေ လာဘ်စားနေတာလား။အလုပ်မလုပ်ကြဘူးလားဆိုပြီး ထွေအုပ်ဝန်ထမ်းတွေကို ဝင်ငေါက်သွား တယ်”ဟု သထုံမြို့ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။
ဗိုလ်မှူးချုပ်အောင်ဝင်းသန်းသည် စစ်တပ်က စေလွှတ်ထားသော မွန်ပြည်နယ်လွှတ်တော် စစ်တပ် ကိုယ်စားလှယ်ဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မည်ဟု သတင်းကြီးလျက်ရှိသည်။
“ဝန်ကြီးချုပ်တောင် မဖြစ်သေးဘူး။ထွေအုပ်ရုံးထဲ အာဏာဝင်ပြသွားတာဆိုတော့ ဝန်ကြီးချုပ်ဖြစ်ပြီး ရင် ပြည်သူကို ဘယ်လောက်တောင် ဒုက္ခပေးမလဲ မသိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
အောင်ဝင်းသန်းသည် သထုံမြို့သို့ ခရီးသွားရင်း ရောက်ရှိလာဟန်တူကြောင်း ၎င်းက ဆိုသည်။
မတ်လ၃၀ရက်တွင် ပြုလုပ်မည့် အမည်ခံ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ အကြမ်းဖက်သမ္မ တက ပေးပို့မည့် ဝန်ကြီးချုပ်အမည်စာရင်းကို လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။
သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(လေ့ကျင့်ရေး၉)တွင် အဓမ္မစစ်မှုထမ်းသင်တန်း ဖွင့်လှစ်လျက်ရှိသည်။
စာတည်း-ML
