တပ်ချုပ်အဖြစ်မှ မင်းအောင်လှိုင် အနားယူလို့ဆိုပြီး ဓာတ်ပုံကို ဂါရ၀ပြုခဲ့သည့် မန္တလေး ပျူစောထီးအုပ်ချုပ်ရေးမှူး နှစ်ဦး လှောင်ပြောင်ခံနေရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရတနာဘုမ္မိအရှေ့ရပ်ကွက်နှင့် ဟေမမာလာမြောက်ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးဆိုသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှအနားယူသွားပြီဖြစ်သော မင်းအောင်လှိုင်၏ ဓာတ်ပုံအား ရပ်ကွက်ရုံးအတွင်း၌ ဂါရဝပြုနေကြသည့် ပုံရိပ်များ ထွက်ပေါ်လာရာ လူထုအကြား၌ ရယ်စရာအဖြစ် ဝေဖန်ခံနေရသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုသန့်စင်စိုးနှင့် ဟေမမာလာမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုအောင်နန္ဒတို့ဖြစ်ပြီး၊ ၎င်းတို့သည် ဒေသတွင်း၌ ပျူစောထီးခေါင်းဆောင်များအဖြစ် လူသိများကာ မင်းအောင်လှိုင်၏ ဓာတ်ပုံကို ရုံးခန်းအတွင်း ဘုရားတစ်ဆူကဲ့သို့ ကိုးကွယ်ကာ အလေးပြုနေကြခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက “တကယ့်ကို သမိုင်းဝင်ဟာသပါပဲ။ လူကတော့ မရှိတော့ဘူး၊ ဓာတ်ပုံကို လိုက်ပြီး ရှိခိုးနေကြတာ။ ဒါဟာ သူတို့ရဲ့ အရှင်သခင်က ဘယ်လောက်အထိ အာဏာရူးခဲ့သလဲဆိုတာကို ပြသနေသလို၊ လက်ပါးစေတွေကလည်း ဘယ်လောက်အထိ အသိဉာဏ်မဲ့နေသလဲဆိုတာ ပေါ်လွင်နေတယ်” ဟု ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးသည် ရပ်ကွက်အတွင်း၌ လက်နက်အားကိုးဖြင့် ပြည်သူများကို ဗိုလ်ကျစိုးမိုးနေသူများဖြစ်ပြီး၊ စစ်ကော်မရှင်၏ အလိုကျ စစ်မှုထမ်းရန်အတွက် လူရှာပေးခြင်းနှင့် စစ်မှုထမ်းရန် ငြင်းဆန်သူများထံမှ ငွေကြေးအမြောက်အမြား အဓမ္မကောက်ခံခြင်းများကိုလည်း လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရသည်။

“သူတို့က ရပ်ကွက်ထဲမှာ အာဏာပါဝါပြရတာကို ဝါသနာပါတာ။ စစ်မှုထမ်းကြေးဆိုပြီး အိမ်တိုင်းကို လိုက်ကောက်တယ်၊ မပေးနိုင်ရင် ခြိမ်းခြောက်တယ်။ အခုတော့ သူတို့အားကိုးတဲ့ လူကြီးက ရာထူးကဆင်းသွားတော့ ဘာလုပ်ရမှန်းမသိဘဲ ဓာတ်ပုံကို ဂါရဝပြုပြီး သစ္စာခံပြနေတာကတော့ တကယ့်ကို ပျာယာခတ်နေတဲ့ စိတ်ဓာတ်ပါပဲ” ဟု ဟေမမာလာရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဓာတ်ပုံကို ဂါရဝပြုနေသည့် လုပ်ရပ်သည် အာဏာရှင်လက်ပါးစေများအနေဖြင့် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်ထိတ်လန့်နေမှုကို ဖုံးကွယ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“သူတို့ ဂါရဝပြုနေတဲ့ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ၂၀၀၈ အခြေခံဥပဒေကို နင်းခြေပြီး ရာထူးလွှဲပြောင်းမှုတွေ လုပ်ခဲ့သူပါ။ အခုလို အုပ်ချုပ်ရေးမှူးတွေက ဓာတ်ပုံကို အလေးပြုနေတာဟာ စစ်အာဏာရှင်စနစ်တစ်ခုလုံး ဘယ်လောက်အထိ ပျက်စီးယိုယွင်းနေပြီလဲဆိုတာကို ပြသနေတဲ့ အကောင်းဆုံး သက်သေပါပဲ” ဟု မန္တလေးမြို့မှ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးနှင့် ပတ်သက်သည်ဟု သံသယရှိသူများကို စစ်တပ်ထံ သတင်းပေးခြင်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသူများ ဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်များကြောင့် ရပ်ကွက်နေပြည်သူများမှာ အမြဲတမ်း စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရသည်။

မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကမူ “ရှားရှားပါးပါး အုပ်ချုပ်ရေးမှူးတွေလို့တောင် ခေါ်လို့ရပါတယ်။ ဓာတ်ပုံထဲက အရိုးတွန်သံကို လိုက်နားထောင်နေကြတာ။ ပြည်သူတွေကတော့ သူတို့ရဲ့ ဟာသပြကွက်တွေကို ကြည့်ပြီး ရယ်နေကြပေမဲ့ သူတို့လုပ်ခဲ့တဲ့ ဒုက္ခတွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ပြောကြားသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်များ၏ လုပ်ရပ်သည် စစ်အာဏာရှင်စနစ်၏ နောက်ဆုံးထွက်သက်တွင် အလိုတော်ရှိများ မည်သို့ ရုန်းကန်နေရသည်ကို ပြသနေခြင်းလည်း ဖြစ်ကာ၊ ဓာတ်ပုံတစ်ပုံကို အားကိုးတကြီး ဂါရဝပြုနေခြင်းသည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ပိုမိုထင်ရှားစေသည်ဟု ဝေဖန်မှုများလည်းရှိသည်။

သမိုင်းတလျှောက်တွင် အာဏာရှင်များ ကျဆုံးချိန်တိုင်း၌ ၎င်းတို့၏ လက်ပါးစေများသည် ယခုကဲ့သို့ပင် အသိဉာဏ်ကင်းမဲ့သော လုပ်ရပ်များဖြင့် သစ္စာခံလေ့ရှိကြသည်ဟု ဆိုနိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

မန္တလေးမြို့ရှိ အဆိုပါ ပျူစောထီးအုပ်ချုပ်ရေးမှူးများ၏ လုပ်ရပ်သည် ပြည်သူများအမြင်တွင် ရယ်စရာကောင်းသည့် ပြကွက်တစ်ခုထက် မပိုသော်လည်း၊ ၎င်းတို့က ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် ဖိနှိပ်မှုများနှင့် အာဏာအလွဲသုံးစားမှုများမှာမူ သမိုင်းမှတ်တမ်း၌ အစွန်းအထင်းအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

စာတည်း-ကိုဆန်း