စစ်တပ် ဂျန်မာ(Jammer)များကို ကျော်ဖြတ်နိုင်မည့် အဆင့်မြင့်ဒရုန်းသင်တန်း ၂လကြာ ပို့ချ ပြီးစီးခဲ့ကြောင်း သိရသည်။
တောင်ငူလေတပ်ရှိ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် နေပြည်တော်အဝင်ရှိ စုပေါင်းဂိတ်တို့ကို Jammer များ(လှိုင်းဖြတ်စက်)ရှိသည့်ကြားက အောင်မြင်စွာ ကျော်ဖြတ်ကာ ဒရုန်းများဖြင့် ဗုံးကြဲချနိုင်ခဲ့သည့် ဝရဇိန်တပ်ဖွဲ့က Loikaw Local PDF ၊ ဧရာဝတီပြည်နယ်ကာကွယ်ရေးတပ် ၊ ဇာမဏီတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးအင်အားစု PRF တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များအား အဆင့်မြင့် ဒရုန်း မောင်းနှင်ခြင်း သင်တန်းပေးခဲ့ပြီး မတ်လ ၂၉ ရက်က သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ဒီအပတ်စဉ်က သင်တန်းသား ၁၂ ဦးခန့် ရှိပါတယ်။ သူတို့က အခြေခံရှိပြီးသား သူတွေပါ။ တပ်ဖွဲ့ ၄ ခုမှာ Jammer တွေကို ကျော်နိုင်မယ့် Anti Jamming စနစ် ဒရုန်းတွေ စတင် ဆောင်ရွက်နေပါပြီ “ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်း သင်တန်းတွင် အဆင့်မြင့် Anti jamming FPV & Multi rotors pay load drone များမောင်း နှင်ခြင်း ၊ထိန်းသိမ်းခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း နည်းပညာများကို စာတွေ့၊ လက်တွေ့ စနစ် တကျ တက်မြောက်သည်အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် တောင်ငူ လေတပ်ရှိ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် ဂျန်မာ (Jammer- ကြိုးမဲ့ဆက်သွယ်ရေး လှိုင်းဖြတ်စက်)ထားရှိရာ နေရာတို့ကို ဝရဇိန်တပ်ဖွဲ့က FPV အသေခံဒရုန်း ၄ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၂ စင်းမှာ ပစ်မှတ်သို့ တိကျစွာတိုက်ခိုက်နိုင်ခဲ့ ကာ ဂျန်မာစက်များ မီးလောင်ကျွမ်းခဲ့သည်။
မတ်လ ၂၁ ရက်ကလည်း နေပြည်တော် ကောင်စီနယ်မြေအဝင်၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေးဂိတ်ကို ဝရဇိန်တပ်ဖွဲ့က Anti Jamming FPV(လှိုင်းဖြတ်စက်များ ကျော် ဖြတ်နိုင်သည့်ဒရုန်း) ဒရုန်း ၂ စင်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။
စာတည်း-ML
