၃လတာ စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၅၀၀၀နီးပါး ပြာကျ

ဓာတ်ပုံ- CJ
စစ်တပ်မီးရှို့ဖျက်ဆီးခဲ့သည့် မြင်းခြံမြို့နယ်အတွင်းရှိ ရွာတစ်ရွာ။

၃လအတွင်း စစ်အုပ်စုဝင်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၅၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ ကြောင်း Data for Myanmar က သတင်းထုတ်ပြန်သည်။

၂၀၂၅ဒီဇင်ဘာမှ ၂၀၂၆ဖေဖေါ်ဝါရီအတွင်း စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၄၇၄၈ လုံး ပျက်စီးခဲ့ပြီး ယင်း၃လတာအတွင်း မန္တလေး၊မကွေး၊စစ်ကိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေအိမ်မီး ရှို့ခံရမှုဖြစ်စဉ် သိသိသာသာ များပြားခဲ့ကြောင်း Data for Myanmar (D4M)က ယနေ့ထုတ်ပြန်သည့် “ပဋိပက္ခကာလအတွင်း အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ”အစီရင်ခံစာ၌ ဖော်ပြထားသည်။

“ကျနော်တို့ စစ်ကိုင်းတိုင်းထဲမှာဆိုရင်တော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေတွေထဲက စစ်တပ်ရောက်လာတဲ့ ရွာတိုင်းနီးပါး မီးရှို့ဖျက်ဆီးခံထားရတာပါ။၂၀၂၂ကတည်းက ရှို့တဲ့ အရှို့က အခု ၂၀၂၆ထိလည်း ရှို့တုန်း။မရှို့ရင်တောင် အနည်းဆုံးအဆင့် ရွာကပစ္စည်းတွေ လုယက်သွားတုန်း ပဲ။ပြည်သူတွေ ဒုက္ခရောက်အောင် ဗျူဟာတစ်ရပ်အနေနဲ့ ဖော်ဆောင်နေတာပါ”ဟု စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အခြေစိုက်
တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။

ယင်း ၃လတာမီးရှို့ဖျက်ဆီးခံရမှုသည် တိုင်းနှင့်ပြည်နယ်၆ခုရှိ ကျေးရွာပေါင်း ၈၉ရွာအတွင်း ဖြစ်သည်။

၂၀၂၅ဒီဇင်ဘာ ၂၂ရက်က မြင်းခြံမြို့နယ်၊အိုင့်မရွာကို စစ်တပ်က မီးရှို့ခဲ့ရာ နေအိမ် ၅၀၀ကျော် ပျက်စီးခဲ့ပြီး ယင်းသည် ၃လတာအတွင်း ထိခိုက်မှုအများဆုံးရွာဖြစ်ကြောင်း D4Mက ဆိုသည်။

စစ်တပ်သည် ၂၀၂၅ခုနှစ် ရွေးကောက်ပွဲအကြိုကာလတွင် အတုအယောင်ရွေးကောက်ပွဲလုပ်ရန် လျာ ထားသည့်မြို့ရွာများ၌ လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ရွေးကောက်ပွဲမလုပ်နိုင်သည့် ကျေးရွာများဆီသို့ စစ် ကြောင်းထိုးနယ်မြေရှင်းလင်းခဲ့ကြောင်း တော်လှန်ရေးတပ်များက ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် လုံခြုံရေးလိုက်ပါသည့် စစ်ကြောင်းများနှင့် လှုပ်ရှားနယ်မြေထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု များခဲ့ကြောင်း စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းများသည် နယ်မြေရှင်းလင်းရေးအတွင်း နေအိမ်မီးရှို့ခြင်းနှင့်အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြင်း ပြင်းထန်ထန်လုပ်ဆောင်ခဲ့ပြီး ပြည်သူတို့၏ အဖိုးတန်ပစ္စည်းများကို လုယက်မှုများလည်း ရှိကြောင်း D4M ကဆိုသည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ဖေဖေါ်ဝါရီအထိ D4M ကောက်ယူထားသော အချက်အလက်များအရ ၅နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်၁၂၅,၃၂၈လုံး ပျက်စီးခဲ့ပြီး ယင်း အနက် စစ်အုပ်စု လက်ချက်ဖြင့် မီးလောင်ပြာကျမှုမှာ ၁၂၁,၄၈၅လုံးဖြစ်ကြောင်း သိရသည်။

စာတည်း-ML