ကလေးမြို့တွင် ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်စီးနင်းခွင့် ပိတ်ပင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်က ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်စီးနင်းခွင့်ပိတ်ပင်လိုက်ကြောင်း သိရသည်။

ဧပြီ ၁ရက်မှစ၍ ကလေးမြို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးစွဲသည့်ယာဉ်များ သွား လာခြင်းမပြုရန် ကန့်သတ်ထားပြီး မြို့တွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

” ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက ကန့်သတ်ချက်ထုတ်ပြန်တာပါ။ မနေ့ကတော့ စပြီး မထွက် ရတော့ဘူးပေါ့။ မြို့ပေါ်မှာရှိတဲ့လမ်းမတွေ၊ လမ်းထောင့်တွေမှာ စက်သုံးဆီသုံးစွဲတဲ့ မော်တော် ယာဉ်မှန်သမျှကို စစ်တပ်နဲ့ ရဲတွေ ပူးပေါင်းပြီး တားဆီးစစ်ဆေးနေတယ်။ ကားတွေတင်မဟုတ်ဘူး။ ဆိုင်ကယ်တွေ၊ ဆိုက်တွဲတွေပါမကျန် စစ်ဆေးနေတာပါ။ ဖမ်းဆီးမှုက တစ်နေ့(ဧပြီတစ်ရက်) ကတော့ မရှိဘူး။ စစချင်းနေ့လည်းဖြစ်လို့နေမယ်။ ပြန်လွှတ်ရုံလောက်ပါပဲ။ နောက်အပတ်တွေတော့ စောင့်ကြည့်ရမယ်ဗျ” ဟု အသက် ၂၇နှစ်အရွယ်ရှိ ကလေးမြို့ခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

အရေးပေါ်လူနာတင်ယာဉ်များနှင့် ကျောင်းပို့ကျောင်းကြို ယာဉ်များကိုမူ စစ်ကော်မရှင်က ယင်းကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားကြောင်း အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

” ကင်းလွတ်ခွင့်ပေးတယ်ဆိုပေမဲ့ မိဘတွေက လိုက်ပို့လိုက်ကြိုနေတဲ့သူတွေကျ အဆင်မပြေဘူးပေါ့။ ကျမတို့ကလေးဆို ငယ်သေးတော့ ကိုယ်တိုင်ပဲ အကြိုအပို့လုပ်ပေးချင်တာ။ နောက်ပြီး ဆိုင်ကယ် ကယ်ရီ၊ ဆိုက်တွဲငှားပြီး လုပ်ကိုင်စားနေသူတွေ စားဝတ်နေရေးခက်ခဲတာပေါ့။ မဟုတ်တောင် ဓာတ် ဆီဈေးတွေက တအားကြီးနေတာ” ဟု ၎င်းကပြောသည်။

ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာ ပြင်ပပေါက်ဈေးမှ ကျပ် ၁၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် လျှပ်စစ်ဆိုင်ကယ်နှင့် စက်ဘီး အသုံးပြုကာ အပြင်သွားလာသူများ ပိုမိုများပြား လာကြောင်းလည်း သိရသည်။

စာတည်း-ML