တိုင်းပြည်ဖျက်ခဲ့သည့် အာဏာရူး မင်းအောင်လှိုင် ဇာတ်ညွှန်းအတိုင်း မဲအပြတ်အသတ်ဖြင့် သမ္မတဖြစ်လာ

စစ်ကော်မရှင်က ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ယနေ့ ဧပြီလ ၃ ရက်နေ့၌ မဲခွဲရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်သည်။

ယမန်နေ့ က ဧပြီ ၂ရက်မှာ ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးအတွင်း ဒုသမ္မတလောင်း သုံးဦးဖြစ်သည့် မင်းအောင်လှိုင်၊ နန်းနီနီအေးနှင့် ဦးညိုစောတို့ကို သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည်ဟု နာယာက ဦးအောင်လင်းဒွေးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယနေ့တွင်မူ အဆိုပါ ၃ ဦးကို ပြည်ထောင်စုလွှတ်တော်၌ လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြရာတွင် မင်းအောင်လှိုင်က မဲအများဆုံးဖြင့် သမ္မတရာထူးကို ရယူသွားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၈၄ဦးဆန္ဒမဲပေးခဲ့ရာ မင်းအောင်လှိုင်က မဲ ၄၀၀ရာကျော်၊ ဦးညိုစောက မဲ ၁၂၀ကျော်နှင့် နန်းနီနီအေးက ၂၉ တို့ရရှိခဲ့ခြင်းဖြစ်ပြီး ပယ်မဲမရှိခဲ့ပေ။

ဆန္ဒမဲစတင်ရေတွက်ရာတွင် ၁၆၀အထိ ဦးညိုစောက အနိုင်ရရှိနေသော်လည်း နောက်ပိုင်း မဲများသည် မင်းအောင်လှိုင်အမည်အများစုသာဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

ထူးခြားချက်မှာ ရွေးကောက်ပွဲပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မင်းအောင်လှိုင်ကို ကိုယ်စားလှယ်အများဆုံးရှိသည့် ပြည်သူ့လွှတ်တော်က တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိသည့် ဒုသမ္မတလောင်း ၂ ဦးမှာလည်း ၎င်း၏ လက်အောက်ခံများသာ ဖြစ်ကြသည်။

ဤရွေးချယ်မှုသည် ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း မင်းအောင်လှိုင် သမ္မတဖြစ်ရေးအတွက်သာ ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ ဤလုပ်ရပ်ကို အာဏာရူးမှု၏ ပြယုဂ် ဟု ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။

“တိုင်းပြည်ကို သွေးချောင်းစီးအောင် လုပ်ခဲ့တဲ့သူက အခုတော့ သမ္မတဝတ်စုံလဲပြီး ဇာတ်လမ်းဆင်နေတာပါ။ ဒါဟာ ပြည်သူ့ဆန္ဒကို လုံးဝစော်ကားလိုက်တာပဲ” ဟု ပြည်တွင်းအခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

တက်ကြွလှုပ်ရှားသူများကလည်း မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် တရားမဝင်ကြောင်းနှင့် နိုင်ငံတကာက အသိအမှတ်ပြုလိမ့်မည်မဟုတ်ကြောင်း ဆိုကြသည်။

“လူသတ်သမားတစ်ယောက်ကို သမ္မတတင်မြှောက်လိုက်တာဟာ မြန်မာ့သမိုင်းမှာ အမည်းစက်တစ်ခုပါပဲ။ ပြည်သူတွေကတော့ ဒီအတုအယောင်သမ္မတကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး” ဟု ရန်ကုန်မှ လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ယခုဖြစ်စဉ်ကို ရှုတ်ချထားပြီး မင်းအောင်လှိုင်ကို သမ္မတတင်မြှောက်ခြင်းသည် အာဏာသိမ်းမှုကို နည်းလမ်းအသစ်ဖြင့် သက်ဆိုးရှည်အောင် လုပ်ဆောင်ခြင်းသာဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို အမှောင်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြထားသည်။

စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာတွင် တိုင်းပြည်စီးပွားရေးနှင့် လုံခြုံရေး လုံးဝပျက်စီးနေချိန်၌ ယခုကဲ့သို့ ရာထူးနေရာများ ခွဲဝေနေခြင်းမှာ ပြည်သူ့ဒုက္ခကို လျစ်လျူရှုခြင်းဖြစ်ကြောင်းလည်း ဝေဖန်ခံနေရသည်။

“ရွာတွေ မီးလောင်နေတယ်၊ စားဝတ်နေရေး ခက်ခဲနေတယ်၊ ဒါကို သူတို့က သမ္မတလုပ်ဖို့ပဲ စိတ်ဝင်စားနေတာဟာ တကယ့်ကို အာဏာရူးတာပဲ” ဟု စစ်ကိုင်းတိုင်းမှ ဒေသခံတစ်ဦးက ဆိုသည်။

နိုင်ငံရေး လေ့လာသူများ၏အဆိုအရ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာသိမ်းမှု မှန်ကန်ကြောင်း ပြသရန်နှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူရန်အတွက် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပေါ်နေသည့် စစ်ရေးနှင့် နိုင်ငံရေးအကျပ်အတည်းများကို ဤသမ္မတရာထူးက ဖြေရှင်းပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။

ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများကလည်း မင်းအောင်လှိုင်၏ အစိုးရသစ်ကို အသိအမှတ်မပြုကြရန် ကမ္ဘာ့ကုလသမဂ္ဂကို တိုက်တွန်းထားကြသည်။

အာဏာသိမ်းမှုမှတစ်ဆင့် ပေါ်ပေါက်လာသည့် မည်သည့်အဖွဲ့အစည်းမဆိုသည် တရားမဝင်သကဲ့သို့၊ ယနေ့ရွေးချယ်လိုက်သည့် သမ္မတသည်လည်း တရားဝင်မှု လုံးဝမရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောဆိုထားသည်။

မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် နိုင်ငံတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ ခုခံတွန်းလှန်မှုကို ပိုမိုအားကောင်းလာစေမည့် အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်သည်။

“သူဘာပဲလုပ်လုပ်၊ ပြည်သူတွေကတော့ သူ့ကို အာဏာရှင်အဖြစ်ပဲ မြင်နေမှာပါ။ သမ္မတဆိုတဲ့ ခေါင်းစဉ်က သူ့ရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

ယနေ့ဖြစ်စဉ်အရ ကျန်ရှိသည့် ဒုသမ္မတလောင်းများဖြစ်သော နန်းနီနီအေးနှင့် ဦးညိုစောတို့သည် ဒုသမ္မတ (၁) နှင့် (၂) အဖြစ် တာဝန်ယူကြရမည်ဖြစ်သည်။

ယနေ့တွင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည့် ဖြစ်စဉ်သည် တိုင်းပြည်ကို ဖျက်ဆီးခဲ့သူက သမ္မတအဖြစ် ရပ်တည်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး မြန်မာ့သမိုင်းတွင် အရှက်ရဖွယ်ရာ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်ကာ၊ နိဂုံးမလှသည့် အာဏာရှင်ဇာတ်သိမ်းခန်းဆီသို့သာ ဦးတည်သွားလိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြသည်။

စာတည်း-ကိုဆန်း