ချောက်တွင် စစ်ကြောင်းထိုး မီးရှို့နေသောတပ် PDFတိုက်ခိုက်မှုကြောင့် ၅ဦး သေဆုံးဟုဆို

ဓာတ်ပုံ - ပေးပို့
စစ်တပ်က မီးရှို့ခဲ့သဖြင့် ‌ ချောက်မြို့နယ်အတွင်းနေအိမ်များ မီးလောင်စဉ်။

မကွေးတိုင်း ၊ ချောက်မြို့နယ်အတွင်း နေအိမ်မီးရှို့နေသည့် စစ်ကြောင်းကို PDFတို့ တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦး သေဆုံးကြောင်း သိရသည်။

မတ်လ ၃၁ ရက် နံနက်အ‌စောပိုင်းတွင် ချောက်မြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင် ပါစစ်ကြောင်းသည် ချောက်မြို့နယ်၊ ဆင်က ၊ ကြီးနီ ၊ သွေးနက်ကျေးရွာနှင့် ညောင်ဦးမြို့နယ်မှ ဗိုလ်ကုန်းကျေးရွာတို့သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ ကြောင်း ယင်းစစ်ကြောင်းကို မတ်လ ၃၁ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်၌ ကြီးနီကျေးရွာအနီးတွင် တစ်ကြိမ် ၊ မွန်းလွဲ ၃ နာရီခန့်၌ ဗိုလ်ကုန်းကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားလည်း ဒဏ်ရာရခဲ့ကြောင်း မကွေးခရိုင် အမှတ်တစ်တပ်ရင်းက ယနေ့(ဧပြီ ၃ ရက်) သတင်းထုတ်ပြန်ထားသည်။

“ရန်သူ စစ်ကြောင်းက ၃၁ ရက် မနက်အစောပိုင်းက ဝင်လာတာ။ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက မီးရှို့တာ။ နယ်မြေရှင်းလင်းရေး သဘောမျိုးပါ။ အဓိက က မီးရှို့ဖျက်ဆီးတာမျိုးပါ။ ပထမတစ်ကြိမ် တိုက်တာ ၁၅မိနစ် ကြာတယ်။ ဒုတိယတစ်ကြိမ် မီးရှို့နေတဲ့ စစ်ကြောင်းကို ရွာထဲပစ်ဝင်၊ ဝင်တိုက် ခိုက်တာ မိနစ် ၂၀ လောက်ကြာတယ်”ဟု မကွေးခရိုင် အမှတ်တစ် တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် ဆင်က ကျေးရွာမှ နေအိမ် တစ်လုံး ၊ သွေးနက်ကျေးရွာမှ နေအိမ် တစ်လုံးနှင့် ဗိုလ်ကုန်းကျေးရွာမှ နေအိမ်အလုံး ၃၀ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီး ချောက်မြို့နယ် အုံမြှားရွာသစ်ဘက်ထွက်သွားတယ်။ အုံမြှားရွာသစ်မှာ ညအိပ်တယ်။ စစ်ကြောင်းထပ်ထိုးတယ်။ ဒီနေ့ ကျောက်ပန်းတောင်းမြို့နယ်၊ မြေနီကျေးရွာဘက်ဆက် ထိုးနေ ပါတယ်။ သေဆုံးထိခိုက်တဲ့ စခတွေကိုလည်း စစ်ကြောင်းကပဲ ပြန်သယ်သွားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းကြောင့် ဗိုလ်ကုန်း ၊ ဆင်က ၊ ကြီးနီ ၊ သွေးနက် ၊ အုံမြှားရွာသစ်နှင့် မြေနီကျေး ရွာတို့မှ ပြည်သူ ၁,၀၀၀ ဝန်းကျင် စစ်ရှောင်နေရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မကွေးခရိုင် စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်တစ် တပ်ရင်းနှင့် မကွေးခရိုင် အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

စစ်သားများ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။

စာတည်း-ML