ဇာတ်ညွှန်းအတိုင်း သမ္မတဖြစ်လာသည့် မင်းအောင်လှိုင်ကြောင့် နိုင်ငံတော်ငြိမ်းချမ်းမည်ဟု “ဝ” အဖွဲ့ ထုတ်ပြန်

စစ်ကော်မရှင်၏ အတုအယောင် လွှတ်တော်အတွင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် မင်းအောင်လှိုင်ထံသို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် မင်းအောင်လှိုင်အား မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ “ဝ” ပြည်နယ် အစိုးရနှင့် “ဝ” တပ်မတော်တို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။

မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ လုံခြုံရေးနှင့် လူမှုစီးပွား တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများသည် မှတ်တမ်းတင်ထိုက်သည့် အောင်မြင်မှုများ ဖြစ်သည်ဟုလည်း “ဝ” အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် “ဝ” ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ ခွဲထွက်ခြင်း သို့မဟုတ် သီးခြားလွတ်လပ်ရေး ကြေညာခြင်းမျိုး မရှိစေရန် အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်းကိုလည်း သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရနှင့် ဆက်လက် ဆက်သွယ်ညှိနှိုင်းကာ ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မိမိတို့၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သမ္မတသစ်ဖြစ်လာသူ မင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော်သည် ငြိမ်းချမ်းတည်ငြိမ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

သဝဏ်လွှာ၏ အဆုံးတွင် သမ္မတနှင့် မိသားစုဝင်များ ကျန်းမာပါစေကြောင်းနှင့် နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သထားသည်။