ကမ္ဘာ့အပူဆုံး ၁၅ မြို့အနက် မြန်မာနိုင်ငံမှ ၆မြို့ပါဝင်နေပြီး အပူဒဏ်ကို သတိပြုနေထိုင်ရန်လို

ဓာတ်ပုံ-ရေနံ ရေနံ့သာဒင်းဂါ
ဧပြီလ ၂ရက်‌တွင် မကွေး - ရေနံ့ချောင်းလမ်း၌ ကတ္တရာလမ်း အရည်ပျော်နေမှုအားတွေ့ရစဉ်

ကမ္ဘာ့အပူဆုံး ၁၅ မြို့အနက် မြန်မာနိုင်ငံမှ ၆ မြို့အထိ ပါဝင်နေပြီး အပူဒဏ်ကို သတိပြုနေရန်လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သတိပေးထားသည်။

ယနေ့ ဧပြီ ၂ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသတိပေးချက်များကို ထုတ်ပြန်ပေးနေသည့် eldoradoweather Website တွင် ထုတ်ပြန်ထားချက်အရ မင်းဘူး၊ မကွေး၊ ချောက်၊ တောင်ငူ၊ ပြည်၊ ဟင်္သာတ မြို့များသည် ကမ္ဘာ့အပူဆုံး ၁၅ မြို့များစာရင်းထဲတွင် ပါဝင်နေခြင်းဖြစ်ပြီး မင်းဘူးမြို့သည် အပူချိန် ၄၃.၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် နံပါတ် ၂ နေရာတွင် ရှိနေခြင်းဖြစ်သည်။

“မနက်ကတည်းကစပြီး အပူဒဏ်ခံနေရတယ်၊ အခုမှ နွေရာသီအစရှိသေးတယ်၊ ခံစားရတဲ့အပူချိန်ကြီးက ပူလွန်းတယ်၊ နေ့လယ်နေ့ခင်း အပြင်ထွက်ဖို့မလွယ်ဘူးဗျ၊ ဧပြီတစ်လလုံး ပူဦးမှာဆိုတော့ သတိထားနေရမယ်” ဟု မကွေးမြို့ခံတစ်ဦးက ပြောသည်။

ဧပြီလ ၂ ရက်တွင် အပူချိန်များအနေဖြင့် မင်းဘူးမြို့သည် ၄၃.၂ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့သည် ၄၂.၂ ဒီဂရီဆဲလ်စီးယပ်၊ ချောက်မြို့သည် ၄၀.၈ ဒီဂရီဆဲလ်စီးယပ်၊ တောင်ငူမြို့သည် ၄၁.၁ ဒီဂရီဆဲလ်စီးယပ်၊ ဟင်္သာတမြို့သည် ၄၁ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအပူချိန်များကို တိုင်းတာထားသည့်အချိန်သည် မွန်းတည့်ချိန်နှင့် ညနေ ၄ နာရီကြား တိုင်းတာထားခြင်းဖြစ်ကာ အဆိုပါဒေသများမှ ဒေသခံများသည်လည်း အပူဒဏ်ပြင်းထန်စွာ ခံစားနေရကြောင်း ဆိုသည်။

အပူချိန်လွန်ကဲမှုကြောင့် အပူလျှပ်သည့်ဝေဒနာခံစားရနိုင်ပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်သည့်အတွက် သတိထားနေထိုင်ကြရန် လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများမှ သတိပေးထားသည်။

အပူလှိုင်းဖြတ်ကာ အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်အထိ လွန်ကဲစွာမြင့်တက်လာနိုင်သည်ဟု သတင်းများထွက်နေသဖြင့် ၂၀၂၆ ခုနှစ်အတွင်း အပူလှိုင်းမဖြတ်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။

“ဧပြီလကနေ ဩဂုတ်လအတွင်း နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် အမြင့်ဆုံး ၁ ဒီဂရီဆဲလ်စီးယပ်အထိသာ ပို၍ပူလာနိုင်တယ်၊ ကြိုတင်ခန့်မှန်းချက်အရ အခုဖြစ်ပေါ်နေတဲ့ နေ့အပူချိန်တွေဟာ ဖြစ်မြဲအပူချိန်ထက် များစွာလွန်ကဲတဲ့ အပူချိန်များမဟုတ်ပါ၊ အပူလှိုင်းဆိုတာ တစ်နေ့တည်းပူတာမျိုးမဟုတ်ဘဲ ပုံမှန်ထက်များစွာ အပူချိန်မြင့်တဲ့ရက် ကြာရှည်ဆက်တိုက်တည်ရှိလာတဲ့ အခြေအနေကို ဆိုလိုပါတယ်” ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

နေ့အပူချိန်လွန်ကဲနေချိန်၌ ဆိုးရွားသည့်အပူဒဏ်ကြောင့် ရေဓာတ်လျော့နည်းခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက်ခြင်းကြောင့် မျက်စိနှင့် အရေပြားထိခိုက်နိုင်ခြင်းများကို သတိထားကြရန် ဦးဝင်းနိုင်က သတိပေးထားသည်။

“အရမ်းပူလွန်းလို့ ထိုင်နေရင်းနဲ့ကို ချွေးတွေထွက်တယ်၊ အတတ်နိုင်ဆုံး နေပူထဲမထွက်ဘဲနေဖို့ ကြိုးစားနေရတယ်၊ ချွေးထွက်တာများလွန်းလို့ အိမ်ကမိသားစုတွေကိုလည်း ဓာတ်ဆားရည်ဆောင်ခိုင်းထားတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

နောက်နှစ်ရက်အတွင်း ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်နီ၊ ကရင်၊ မွန် စသည့် တိုင်းနှင့်ပြည်နယ်များတွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဧပြီလ ၂ ရက်) ထုတ်ပြန်ထားသည်။

နွေရာသီအတွင်း အပူဒဏ်ကို ခံစားရမည်ဖြစ်သော်လည်း ပိုပူမည့်နေ့ရက်များကို ကြိုတင်သိရှိထားရန်လိုအပ်ပြီး ကြိုတင်ပြင်ဆင်ကာ နေထိုင်ကြရန် လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

အပူချိန်မြင့်တက်ချိန်အတွင်း ရေကို မကြာခဏ အနည်းငယ်စီ သောက်ပေးသင့်ကြောင်း၊ တတ်နိုင်သမျှ အပူရှိန်ပြင်းသည့် အချိန်များတွင် အပြင်မထွက်ဘဲနေသင့်ပြီး မဖြစ်မနေအပြင်ထွက်မည်ဆိုပါက ထီး၊ ဦးထုပ် စသည့် အကာအကွယ်တစ်ခုခု ဆောင်သင့်ကြောင်း၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အထူးဂရုစိုက်သင့်ကြောင်းလည်း ကျန်းမာရေးဆရာဝန်များက သတိပေးထားသည်။

စာတည်း-ကိုဆန်း