နိုင်ငံသားချင်းတူသော်လည်း မွန်ပြည်သူများ စက်သုံးဆီ ဈေးကြီးပေး ဝယ်နေရ၊ တရားမဝင် မွန်အစိုး ရ တုတ်တုတ်မလှုပ်

ဓာတ်ပုံ- ဒေသတွင်းလူမှုကွန်ရက်
မော်လမြိုင်တွင် ပြည်သူများ ဆီတန်းစီနေပုံ။

နိုင်ငံသားချင်းတူသော်လည်း မွန်ပြည်သူများမှာ စက်သုံးဆီကို ဈေးကြီးပေးဝယ်နေရကြောင်း ဒေသခံ အချို့က ဆိုသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းသူများကို စစ်ကော်မရှင်က ဒေါ်လာမရောင်းပေးသဖြင့် မော်လမြိုင် စက်သုံးဆီရည်ညွှန်းဈေးမှာ အခြားဒေသများထက် များ လျက်ရှိသည်ဟု သိရသော် လည်း ဘာ့ကြောင်း ဈေးကြီးရသလဲဆိုသည်ကို တရားမဝင် မွန်ပြည်နယ်အစိုးရက ထုတ်ပြန်ခြင်း မရှိသလို မည်သို့မျှ လုပ်ဆောင်ခြင်းမရှိဘဲ ငုတ်တုတ်ထိုင်ကြည့်နေကြောင်း မော်လမြိုင်မြို့ခံ လူမှုကူ ညီရေးသမားတစ်ဦးက ဆိုသည်။

“အရင် ဆီဈေးတွေ စကြီးခါစတုန်းက မော်လမြိုင်ဈေးထက် မြစ်ကြီးနားက ပိုများတယ်။အခုကတော့ မြစ်ကြီးနားရည်ညွှန်းဈေးက ကျသွားပြီ။မော်လမြိုင်ကတော့ ဈေးအကြီးဆုံး နံပါတ်တစ်။မော်လမြိုင် နဲ့ လယ်ဗယ်လိုက်တာက ဟားခါး”ဟု ၎င်းက MPAသို့ပြောသည်။

ယနေ့(ဧပြီ၄ရက်) မော်လမြိုင် စက်သုံးဆီ ရည်ညွှန်းဈေးမှာ ဓာတ်ဆီ92 တစ်လီတာ ၅၀၃၀၊ ဓာတ်ဆီ 95 ၅၃၃၅ကျပ်၊ ဒီဇယ် ၆၅၉၀ကျပ်၊ဒီဇယ်(ပရီမီယမ်)၇၁၇၅ကျပ်ဖြစ်ပြီး မော်လမြိုင်နှင့်ကပ်လျက် ဘားအံရည်ညွှန်းဈေးမှာ ဓာတ်ဆီ92 ၄၇၁၅ကျပ်၊ ဓာတ်ဆီ95 ၄၈၆၅ကျပ်၊ ဒီဇယ် ၅၇၆၅ကျပ်နှင့် ဒီဇယ်(ပရီမီယံ)၆၈၉၅ကျပ် ဖြစ်သည်။

မတ်လ၁၆ရက် မော်လမြိုင် ရည်ညွှန်းဈေးမှာ ဓာတ်ဆီ92 တစ်လီတာ ၃၃၃၀ကျပ်သာရှိခဲ့ရာမှ ယခုအ ခါ ကျပ်၁၇၀၀အထိ ဈေးတက်သွားခြင်းဖြစ်သည်။

“အခု မော်လမြိုင်က နောက်ပေါက် စစ်လော်ဘီ မြင့်စိုးဆိုတဲ့ငနဲက အရင်က ဆိုင်ကယ်ကို ၅၀၀၀ ဖိုးပဲ ပေးရာကနေ အခုတစ်သောင်းဖိုးပေးနေပြီဆိုပြီး သူ့အဘကိုပဲ ပြည်သူတွေက ကျေးဇူးတင်ရမယ့်အ ချိုးမျိုးနဲ့ လော်နေတာ။ တိုးဝယ်လို့ရပေမဲ့ ဆီဈေးကလည်း တက်နေတော့ ဘာမှမထူးပါဘူး”ဟု မော် လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တွင် မတ်လ၃၁ရက်မှစတင်ကာ စုံမ စနစ်အတိုင်း ဆိုင်ကယ် ကျပ်တစ်သောင်း၊ သုံးဘီးနှင့် အိုးဝေ ၂သောင်း၊ ထော်လာဂျီ ၃သောင်း၊ အိမ်စီးကား ၇သောင်း ဖိုး စသည်ဖြင့် ဝယ်ယူခွင့်ပြုထားသည်။

“တိုးဝယ်လို့ရတယ်ဆိုပေမဲ့ ဆီကုန်လို့ လှည့်ပြန်ရတာတွေလည်း မနည်းဘူးလေ။လူတွေက တန်းစီ နေရတာနဲ့ပဲ အချိန်ကုန်နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီ၃ရက်က မွန်ပြည်နယ်၊ပေါင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအားလုံး ရောင်းစရာဆီမရှိသဖြင့် ပိတ် ထားကြကြောင်း ဒေသတွင်းမီဒီယာ ဝရဇိန်(ပေါင်)က ဖော်ပြသည်။

စာတည်း-ML