ထရမ့်အစိုးရ လာမည့်နှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၁. ၅ ထရီလီယံ စံချိန်တင် တောင်းဆိုထား

AFP

အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကုန်ကျစရိတ်များ မြင့်တက်လာသဖြင့် လာမည့်နှစ် ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ ၁.၅ ထရီလီယံခန့်အား ခွင့်ပြုပေးရန် ဧပြီ ၃ ရက်နေ့က လွှတ်တော်သို့ တောင်းဆိုထားသည်။

ပင်တဂွန်စစ်ဌာနချုပ်၏ ဘတ်ဂျက်သုံးစွဲမှုမှာ နှစ်အလိုက် မြင့်တက်လာရာတွင် ယခုတောင်းဆိုမှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဖြစ်လာမည်ဟု အမေရိကန် မီဒီယာများက ဖော်ပြသည်။

သို့သော် သမ္မတ၏ ဘတ်ဂျက်အဆိုပြုချက်များသည် အတည်မဖြစ်သေးသော ဆန္ဒပြုချက်များသာဖြစ်ပြီး လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုမှာ ၂၀၂၆ ခုနှစ်အတွက် ပင်တဂွန်စစ်ဌာနချုပ်၏ ဘတ်ဂျက်ကို ၄၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“အကျိုးမဲ့ပြီး အလဟဿဖြစ်စေသော အစီအစဉ်များကို လျှော့ချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ တာဝန်များကို သက်ဆိုင်ရာ အစိုးရများထံ ပြန်လည်လွှဲပြောင်းပေးခြင်းဖြင့်လည်းကောင်း” ကာကွယ်ရေးမဟုတ်သော အသုံးစရိတ်များကို အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံ သို့မဟုတ် ၁၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်ရန် ထရမ့်အစိုးရက လွှတ်တော်ကို တောင်းဆိုထားသည်။

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ဘတ်ဂျက်တောင်းဆိုမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခုလနှောင်းပိုင်းမှသာ ထုတ်ပြန်လိမ့်မည်ဟု ယူဆထားခဲ့သည်။

လွှတ်တော်က သမ္မတထရမ့်၏ အဆိုပြုချက်များကို အတည်ပြုပါက လာမည့်ဆယ်စုနှစ်အတွင်း ဖက်ဒရယ်ကြွေးမြီကို ထရီလီယံနှင့်ချီ၍ ထပ်မံတိုးပွားစေမည့် ဘဏ္ဍာရေးမူဘောင်တစ်ခု ဖြစ်လာနိုင်သည်။

သမ္မတ ထရမ့်က လွှတ်တော်အမတ်များအား နှစ်စဉ်အစိုးရရန်ပုံငွေ ထောက်ပံ့သည့်ပုံမှန်လုပ်ငန်းစဉ်မှတစ်ဆင့် ဘတ်ဂျက်တိုးမြှင့်မှု၏ အဓိကအစိတ်အပိုင်းကို အတည်ပြုပေးရန် တိုက်တွန်းခဲ့သည်။

ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံကို ဒီမိုကရက်များ၏ ထောက်ခံမှုမပါဘဲ ရီပတ်ဘလစ်ကန်များ အခွန်လျှော့ပေါ့မှုကို အတည်ပြုနိုင်ခဲ့သည့် နည်းလမ်းအတိုင်း ဥပဒေပြုရေးဆိုင်ရာ မူဝါဒဖြင့် အတည်ပြုရန် တောင်းဆိုခဲ့သည်။

အဆိုပြုချက်ကို မထုတ်ပြန်မီကပင် သမ္မတနှင့် ၎င်း၏ အကြံပေးများက အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ကုန်သွားခဲ့သည့် လက်နက်တိုက်များကို ပြန်လည်ဖြည့်တင်းရန်နှင့် အခြားစစ်ရေးအရင်းအမြစ်များ လိုအပ်နေသည့်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

လူမှုဖူလုံရေးအစီအစဉ်များနှင့် အခြားအကူအညီများကို လျှော့ချရမည်ဖြစ်သော်လည်း ကာကွယ်ရေးရန်ပုံငွေကို အခြားဖက်ဒရယ်အသုံးစရိတ်များထက် ဦးစားပေးရမည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။

“နေ့ကလေးထိန်းဌာန၊ Medicaid၊ Medicare စတဲ့ ကိစ္စရပ်အားလုံးကို ကျွန်တော်တို့ တာဝန်ယူဖို့ မဖြစ်နိုင်ပါဘူး။ ဒါတွေကို ပြည်နယ်အဆင့်မှာပဲ လုပ်ဆောင်နိုင်ပါတယ်၊ စစ်ရေးကိစ္စကို ဦးစားပေးရမှာ ဖြစ်ပါတယ်” ဟုလည်း ထရမ့်ကဆိုသည်။

အိမ်ဖြူတော်က ထရမ့်၏ ပြောကြားချက်ပါဝင်သည့် ဗီဒီယိုဖိုင်ကို YouTube စာမျက်နှာတွင် တင်ခဲ့ပြီးနောက် ပြန်ဖျက်သွားခဲ့သည်။