မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်အင်အားပို့နေသည့် Mi 17 ရဟတ်ယာဉ်ကို မြိုင်ပကဖက ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၃ရက်၊ မွန်းလွဲပိုင်းက ပေါက်မြို့နယ် ကပစ ၂၄ နှင့် ပင်ထောင်ပျူရွာသို့ မုံရွာမြို့ အနောက် မြောက် တိုင်းစစ်ဌာနချုပ်(နမခ)မှ ခေါက်တုံ့ခေါက်ပြန် စစ်အင်အားဖြည့်တင်းနေသည့် Mi 17 ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းကို ပွိုင့်ဖိုက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မြိုင်ပကဖ ထံက သိရသည်။
” Mi 17 ပျံနေတုန်းမှာ လိုက်လံပစ်ခတ်ခဲ့တာပါ။ လူသယ် လူချ လုပ်တာလို့ သိရပါတယ်။ ရဟတ်ယာဉ်ကို ထိမှန်ခဲ့တယ်လို့ အတွင်းသတင်းအရ သိထားရပါတယ် ။ အသေးစိတ် အချက်အ လက်ကတော့ မသိရသေးပါဘူး ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းကဲ့သို့ စစ်အင်အားများ ဖြည့်တင်းခြင်းသည် ပေါက် ကပစ ၂၄ ကို အခြေပြုကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
” မနေ့က Mi 17 နှစ်စီးက တောက်လျှောက်ပျံတာ။ ခပ်နိမ့်နိမ့်လေးတွေပဲ။ တစ်စီးက ပြန်လိုက်၊ နောက်တစ်စီးက ထပ်လာလိုက် တောက်လျှောက်ပဲ။ ကျနော် မှတ်ထားတာ အခေါက်ရေ ၄ကြိမ်ထက်မနည်းရှိတယ်။ လေကြောင်းတအားဝဲနေလို့ စစ်ကြောင်း ဘယ်အချိန်ထိုးမလဲဆိုပြီး သတိအနေအထားနဲ့နေနေရတယ်” ဟု ပေါက်မြို့နယ်မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဧပြီ ၁ရက်မှစပြီး ပေါက်မြို့နယ်တောင်ပိုင်းတွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်တပ် စစ်ကြောင်း ရောက်ရှိနေကာ ပင်တောင်ရွာ၊ သစ်ချိုကုန်းရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် ယင်းရွာများအပါအဝင် ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူ ၉၀၀၀ ကျော် တိမ်းရှောင်နေရကြောင်း သိရသည်။
စာတည်း-ML
