ရန်ကုန်လေဆိပ်တွင် ပြည်တွင်းပြည်ပခရီးသွားများအား ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်များ စိစစ်တော့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပသို့ သွားရောက်ကြမည့် ခရီးသွားပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်များကို လေကြောင်းရဲတပ်ဖွဲ့က စိစစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ လေဆိပ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအရ ပြေး၊ ပုန်း၊ ထောက်၊ ပို့ (၄) ပြေးများ ပါဝင်ခြင်း မရှိစေရန်အတွက် ခရီးသွားများ၏ မှတ်ပုံတင်ပါ အချက်အလက်များကို အသေးစိတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ခရီးသွားတွေအနေနဲ့ လက်မှတ်ဝယ်ယူတဲ့အချိန်မှာရော၊ Check-in ဝင်တဲ့အချိန်မှာပါ မှတ်ပုံတင်အမှတ်တွေကို အပြည့်အစုံဖော်ပြဖို့ လိုအပ်လာတာပါ။ အဓိကကတော့ လုံခြုံရေးအရ စိစစ်တာလို့ သိရပါတယ်” ဟု လေကြောင်းလိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးမှုများကို ပြည်တွင်း/ပြည်ပ ထွက်ခွာလက်မှတ်စစ်ကောင်တာများ (Check-in Counters) နှင့် လေကြောင်းရဲတပ်ဖွဲ့ ကောင်တာနေရာများတွင် မကြာမီ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်နှင့် ပတ်သက်၍ လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်စာရင်းများ ပေးပို့ရာတွင် ခရီးသည်၏ မှတ်ပုံတင်အမှတ်များကို အပြည့်အစုံ ထည့်သွင်းဖော်ပြရန်နှင့် မြန်မာနိုင်ငံသားများ လေယာဉ်လက်မှတ်ဝယ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်ကို မဖြစ်မနေ ထည့်သွင်းပေးရန် ညွှန်ကြားထားသည်။

ထို့အပြင် လေဆိပ်၌ Check-in ဝင်ရောက်စဉ်တွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပါ၊ မပါကို စစ်ဆေးသွားမည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရန် အသိပေးထားကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားစာကို ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများအားလုံးနှင့် Ground Handling & Operation အဖွဲ့များဖြစ်သည့် MNA, MAI နှင့် YAG တို့ထံသို့ ဖြန့်ဝေအကြောင်းကြားထားပြီး ဖြစ်သည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက “အခုက လေဆိပ်ဝန်ထမ်းတင်မကဘဲ ရဲတပ်ဖွဲ့က ကောင်တာမှာ ထိုင်စစ်မှာဆိုတော့ နာမည်ပျက်စာရင်း (Blacklist) ရှိသူတွေ၊ နိုင်ငံရေးအရ အလိုရှိနေသူတွေနဲ့ CDM တွေအတွက် လေဆိပ်ဟာ ဖမ်းဆီးခံရဖို့ အနီးစပ်ဆုံးနေရာ ဖြစ်လာတာပါ” ဟု သုံးသပ်ပြောကြားသည်။

ထို့အပြင် လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်စာရင်းနှင့် မှတ်ပုံတင်အမှတ်များကို ကြိုတင်ပေးပို့ရမည်ဖြစ်ရာ ပြည်သူများ၏ သွားလာမှုမှတ်တမ်း (Travel History) အားလုံးကို စစ်ကော်မရှင် အာဏာပိုင်များက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်နိုင်မည့် Database တစ်ခု တည်ဆောက်လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းစနစ်သစ်အရ ခရီးသွားများသည် လက်မှတ်ဝယ်ယူချိန်မှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်ကို မဖြစ်မနေ ပေးအပ်ရမည်ဖြစ်ပြီး၊ လေဆိပ်တွင်လည်း မှတ်ပုံတင်အစစ်အမှန် ပါ၊ မပါကို အဆင့်ဆင့် စစ်ဆေးခံရမည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါ တင်းကျပ်သည့် စစ်ဆေးမှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်တွင်း/ပြည်ပ ထွက်ခွာကောင်တာများတွင် မကြာမီ စတင်ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

စာတည်း-ကိုဆန်း