ချောင်းဆုံတွင် တစ်ရက်ကြိုတင် ဆီ တန်းစီနေရ

မွန်ပြည်နယ်၊ချောင်းဆုံမြို့တွင် နောက်တစ်ရက်နံနက် ဆီရရန်အတွက် နေ့ခင်းပိုင်းကတည်းက တန်းစီနေကြရကြောင်း သိရသည်။

ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်၊မီးစက်ရှေ့ရှိ Puma စက်သုံးဆီအရောင်းဆိုင်တွင် နေ့စဉ် နံနက် ၆နာရီမှစ၍ စုံမစနစ်အတိုင်း ဆီရောင်းချပေးနေသော်လည်း နောက်တစ်ရက်အတွက် ယနေ့ နေ့ ခင်း ပိုင်းကတည်းက တန်းစီနေရကြောင်း ချောင်းဆုံဒေသခံအချို့ထံက သိရသည်။

“စုံမအလိုက်ပေါ့နော်။ဥပမာ- တနင်္လာနေ့မနက်ပိုင်းမှာ စုံနံပါတ်ပေးမယ်ဆိုရင် စုံနံပါတ်ယာဉ်တွေက တနင်္ဂနွေနေ့ နေ့ခင်း ၁၂နာရီကျော်လောက်ကတည်းက စတန်းစီနေရတယ်။အဲဒီလောက် အခြေအ နေဆိုးနေတာ”ဟု ချောင်းဆုံမြို့နယ်၊ပိုင်လဝမ်းရွာသားတစ်ဦးက MPAသို့ပြောသည်။

ဆီဆိုင်ဝန်ထမ်းများက ည၁၀နာရီခန့်တွင် တန်းစီသည့်ယာဉ်များကို ရေတွက်ကာ နောက်တစ်ရက် နံနက်ပိုင်း နောက်ဆုံးပေးမည့်ယာဉ်အား ဆိုင်းဘုတ်ချိတ်သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

“တန်းစီတဲ့ယာဉ်တိုင်းကို မပေးနိုင်ဘူး။သူတို့လည်း အကန့်အသတ်နဲ့ ဆီရတာဆိုတော့ ည၁၀နာရီ လောက်ဆို မနက်ဖြန်ဆီပေးမှာ ဒီယာဉ်နောက်ဆုံးဆိုပြီး စာလာကပ်သွားရော။အဲဒီနောက်က ယာဉ် တွေ မရတော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ဓာတ်ဆီတစ်လီတာ ကျပ်၅၀၀၀ကျော်ပေးနေရပြီး ဆိုင်ကယ် ကျပ်တစ်သောင်းဖိုးနှင့် သုံး ဘီးဆိုပါက ကျပ်၂သောင်းဖိုး ဝယ်ခွင့်ရကြောင်း သိရသည်။

“ဓာတ်ဆီက အခု 92 တွေ၊ 95 တွေ မရှိတော့ဘူး။တစ်မျိုးတည်းပဲ တစ်လီတာ ၅၀၀၀ကျော်ပေးရ တယ်။အပြင်မှာ မှောင်ခိုဈေးက တစ်လီတာကို ၂သောင်းလောက်အထိ ပေးနေရတယ်။အဲဒါတောင် လိုသလောက် မရဘူး။တန်းစီရတာတော့ တော်တော်စိတ်ညစ်ရတယ်”ဟု ချောင်းဆုံမြို့နယ်၊မုရစ် ကြီးရွာသားတစ်ဦးက ပြောသည်။

ယခင်က နောက်တစ်ရက်နံနက် ဆီရရန်အတွက် ည၇နာရီခန့်ကတည်းက တန်းစီရသည်။

ဓာတ်ပုံ-ချောင်းဆုံလူမှုကွန်ရက်
ပုံစာ- ချောင်းဆုံတွင် ဆီတန်းစီနေကြပုံ။
စာတည်း-ML