မင်းအောင်လှိုင်ကြောင့် မြန်မာနိုင်ငံတိုးတက်လာမည်ဟု တရုတ်သံအမတ် ပြောကြား

ဓာတ်ပုံ-MOI

မင်းအောင်လှိုင်ကြောင့် မြန်မာနိုင်ငံတိုးတက်လာမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က ယမန်နေ့တွင် မင်းအောင်လှိုင်၌ တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

တွေ့ဆုံမှုတွင် တရုတ်သံအမတ်က မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကိုလည်း လက်ရောက်ပေးအပ်ခဲ့သည်။

မင်းအောင်လှိုင်ကလည်း ၎င်းသမ္မတဖြစ်လာပြီးနောက် ပထမဆုံး လာရောက်တွေ့ဆုံသည့် ပြည်ပသံတမန်မှာ တရုတ်သံအမတ်ကြီး ဖြစ်သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးကတည်းက စီးပွားရေးနဲ့ လူမှုရေးကဏ္ဍပေါင်းစုံမှာ အဘက်ဘက်က ဆုတ်ယုတ်နေတာပါ။ တရုတ်သံအမတ်က တိုးတက်လာမယ်လို့ ပြောတာဟာ မြေပြင်ပကတိအခြေအနေကို မျက်ကွယ်ပြုပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် စစ်အုပ်စုကို သံတမန်ရေးအရ ကျောထောက်နောက်ခံပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

တက်ကြွလှုပ်ရှားသူများကမူ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မြန်မာပြည်သူများ၏ လိုလားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ထောက်ပြကြသည်။

“လူပေါင်း ၁၃ သန်း မဲပေးခွင့် ဆုံးရှုံးခဲ့တဲ့၊ NLD နဲ့ SNLD လို ပါတီကြီးတွေကို ဖယ်ထုတ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲက တက်လာသူကိုမှ တိုးတက်အောင် လုပ်နိုင်မယ်လို့ ပြောတာဟာ မြန်မာပြည်သူတွေကို စော်ကားလိုက်တာပဲ” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်သည်။

စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီမံကိန်းများ လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်သာ ဦးစားပေးနေခြင်း ဖြစ်ကြောင်း မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေးတွင် တရုတ်က ကူညီနေခြင်းမှာလည်း ဩဇာလွှမ်းမိုးမှု တည်ဆောက်ရန် ရည်ရွယ်ချက်ရှိနေကြောင်း သုံးသပ်ကြသည်။

BNI အဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၅ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု မရှိသလို USDP အနိုင်ရရန် ဖန်တီးထားသည့် ရုပ်ပြပွဲသာ ဖြစ်သည်ဟုဆိုထားပြီး ထိုသို့သော အခြေအနေမျိုးတွင် တရုတ်နိုင်ငံက အလျင်အမြန် အသိအမှတ်ပြုကာ မြန်မာနိုင်ငံ တိုးတက်လာမည်ဟု ပြောဆိုခြင်းမှာ စစ်အုပ်ချုပ်ရေးပုံစံသစ်ကို တရားဝင်မှုပေးရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု လေ့လာသူများက ရှုမြင်ကြသည်။

အနောက်နိုင်ငံများက မြန်မာ့အရေးတွင် စစ်ကော်မရှင်အပေါ် ဖိအားပေးနေချိန်တွင် တရုတ်၏ ယခုလုပ်ရပ်မှာ သံတမန်ရေးရာ အားပြိုင်မှုတစ်ခုလည်း ဖြစ်သည်။

သို့သော် ဤသို့သော အသိအမှတ်ပြုမှုများသည် မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ပြေလည်စေမည်မဟုတ်ဘဲ ပြည်တွင်းစစ်ကို ပိုမိုရှည်ကြာစေကာ ဒေသတွင်း မတည်ငြိမ်မှုကိုသာ ဖြစ်ပေါ်စေမည်ဟု နိုင်ငံရေးလေ့လာသူများက သတိပေးထားသည်။

တော်လှန်ရေးအင်အားစုများဘက်ကမူ တရုတ်နိုင်ငံအနေဖြင့် ပြည်သူလူထုက လက်မခံသည့် အုပ်ချုပ်သူများနောက်တွင် ရပ်တည်နေခြင်းသည် ရေရှည်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ဆိုသည်။

ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ စစ်အာဏာရှင်များနှင့်သာ လက်တွဲနေသရွေ့ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ လိုလားသည့် တည်ငြိမ်မှုမျိုး ရရှိရန် အလှမ်းဝေးနေဦးမည် ဖြစ်သည်။

တရုတ်သံအမတ်ကြီး၏ ပြောကြားချက်သည် မင်းအောင်လှိုင်အတွက် သံတမန်ရေးရာ အောင်ပွဲတစ်ခုကဲ့သို့ ဖြစ်စေသော်လည်း မြန်မာပြည်သူများအတွက်မူ တရားမျှတမှုနှင့် ဒီမိုကရေစီရေးကို နှောင့်နှေးစေသည့် လုပ်ရပ်အဖြစ် သတ်မှတ်ခြင်း ခံနေရသည်။

ယခုတွေ့ဆုံမှုသည် မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာခြင်းကို ပြသနေသော်လည်း ၎င်းသည် မြန်မာနိုင်ငံ၏ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ခြင်း ရှိ၊ မရှိမှာမူ များစွာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။