မင်းအောင်လှိုင်၏ သမ္မတရူးအိပ်မက်ကို ဖော်ဆောင်နေစဉ် စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၆၀ ကျော် သေဆုံး

မင်းအောင်လှိုင်၏ သမ္မတရူးအိပ်မက်ကို ဖော်ဆောင်နေသော ၄ပတ်တာကာလအတွင်း စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ၂၆၅ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

မတ်လ၆ရက်မှ ဧပြီ၂ရက်အထိ စစ်တပ်က ၁၇၆မြို့နယ်အတွင်းရှိ အရပ်သားများကို လေကြောင်းနှင့် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၃၇၂ကြိမ် ရှိခဲ့ကာ ပြည်သူ၃၁၁ဦး ဒဏ်ရာရခဲ့ ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ “မြင်ကွင်း-တော်လှန်စစ်ဆင်ရေး”အစီရင်ခံစာများအရ သိရသည်။

“ဟုတ်တာ မဟုတ်တာ အပထား။လွှတ်တော်ခေါ်ပြီး အရပ်သားအစိုးရအသွင် မျက်နှာဖုံးပြောင်းဖို့ လုပ်နေကြတဲ့အချိန်မှာ နိုင်ငံတကာအမြင်ကောင်းအောင် အနည်းဆုံးတော့ ပြည်သူကို တိုက်ခိုက်တာ မျိုးတွေ လျှော့ချသင့်တာပေါ့။မအလ ကဘယ်နိုင်ငံတကာမှ ဂရုမစိုက်ဘူး။သူလုပ်တာကို မထောက်ခံ သရွေ့ ဆက်အကြမ်းဖက်နေဦးမှာပဲဆိုတာကို ဗြောင် လက်တွေ့လုပ်ပြနေတာ”ဟု နယ်စပ်ဒေသအ ခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အဆိုပါ ၄ပတ်တာကာလအတွင်း စစ်တပ်က ပြည်သူ၈၄၈ဦးကို မတရားဖမ်းဆီးခဲ့ကြောင်းလည်း ဉာဏ်လင်းသစ်က ထုတ်ပြန်ထားသည်။

ယင်း၄ပတ်တာအတွင်း အရပ်သားများကို စစ်ကြောင်းထိုးတိုက်ခိုက်မှု ၁၀၂ကြိမ်နှင့် လေကြောင်း တိုက်ခိုက်မှု ၉၆ကြိမ် ရှိခဲ့သည်။

တရားမဝင် အမည်ခံပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်၁၆ရက်တွင် စတင်ခဲ့ပြီး ဧပြီ၃ ရက်၌ မင်းအောင်လှိုင်ကို အကြမ်းဖက်သမ္မတအဖြစ် ရွေးချယ်ခဲ့ကြသည်။