စစ်ကော်မရှင်၏ ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နေရာများ၌ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ဂျက်ဖိုက်တာ နှစ်စင်းမှ ငါးစင်းအထိ အသုံးပြု၍ ဗုံးကြဲပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်၌ ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ လေးစင်းအပြင် စစ်သင်္ဘောတစ်စင်းမှလည်း ပစ်ခတ်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် လေးဦးပါသော မိသားစု သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦးနှင့် ကလေးငယ်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် ရဲဝင်းဦးလက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်ဟု AA က ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်၌ မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်ဘုရားအနီးရှိ ဆေးရုံကို ဂျက်ဖိုက်တာ ငါးစင်းဖြင့် ၁၂ ကြိမ် ဗုံးကြဲခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပခုက္ကူခရိုင်၊ ပေါက်မြောက်ပိုင်းရှိ ဖလံကိုင်းရေနံမြေကို စစ်ကော်မရှင်၏ မိတ္ထီလာ ရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာ နှစ်စင်း၊ မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ သုံးစင်းတို့ဖြင့် အလှည့်ကျ ပစ်ခတ်ခဲ့ရာ PDF ခြောက်ဦး သေဆုံးခဲ့သည်။ “တိုက်ပွဲမရှိဘဲ ကြဲသွားတာ။ ရေနံမြေမှာ နည်းနည်းရှုပ်ထွေးနေတာကို စစ်တပ်က အခွင့်ကောင်းယူပြီး ဗုံးပတ်ကြဲသွားတာ။ PDF ခြောက်ဦး သေတာပါ။ ဒီနေ့ (ဧပြီ ၆ ရက်) လည်း ပေါက်မြောက်ပိုင်းနဲ့ ဆက်နေတဲ့ ပုံတောင်ပေါ်မှာလည်း တံတားဦးနဲ့ မကွေးက တက်လာတဲ့ နှစ်စင်းနဲ့ ဗုံးကြဲသွားသေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက်၌လည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ ဆင်အင်းကျေးရွာ ဘုန်းကြီးကျောင်းကို မိတ္ထီလာနှင့် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
“စစ်တပ်က ဆေးရုံတွေ၊ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတာ စိပ်လာတယ်။ ဆင်အင်းရွာဆိုလို့ရှိရင် ၃ ရက်နေ့ကလည်း ကြဲခံရလို့ နှစ်ဦးသေတယ်။ ပျက်စီးမှုကတော့ များတယ်။ ရွာကလည်း ကြီးတယ်။ ၁ ရက်နေ့က ဝက်လက်၊ မင်းကုန်းကြီးမှာလည်း ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနှစ်စင်းနဲ့ ကြဲသွားသေးတယ်” ဟု ရွှေဘိုဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်နှင့် ၂ ရက်တို့တွင်လည်း ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်း (ပျူစောထီး) ကျေးရွာ၌ ရဟတ်ယာဉ်များ အသုံးပြု၍ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် လူအင်အား ဖြည့်တင်းမှုများ၊ ပြောင်းလဲမှုများလည်း လုပ်ဆောင်ခဲ့သည်။
စစ်ရေးလေ့လာသူများအနေဖြင့် ယခုကဲ့သို့ လေကြောင်းအများအပြား အသုံးပြုလာခြင်းသည် စစ်ရေးဖိအား တိုးမြှင့်လာရန် ရည်ရွယ်ချက်ရှိနိုင်ကြောင်း သုံးသပ်ကြသည်။
“တပ်ချုပ်အသစ်တက်လာပြီး ကျွန်မတို့ရပ်ကွက်ထဲမှာ စစ်မှုထမ်းလူစာရင်းက တစ်ရပ်ကွက်ကို တစ်လ ဆယ်ယောက်ပေးရမယ်ဆိုပြီး ထွက်လာတယ်။ မြို့ပေါ်မှာလည်း အဖမ်းအဆီးကြမ်းနေတယ်” ဟု ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
တပ်ချုပ်အသစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်၌ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့သူတစ်ဦးလည်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း ၁၅ နှစ်ကြာ ရယူထားခဲ့သည့် တပ်ချုပ်ရာထူးကို ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်၌ ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦးကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
