ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ခြမ်းကို စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အမေနှင့် သမီးသေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၆ရက်၊ နံနက် ၆ နာရီခန့်တွင် နတ်တလင်းမြို့နယ်အရှေ့ခြမ်း၊ ပဲမခမ်းကျေးရွာကို ပေါင်းတည် မြို့နယ် ပေါက်တုန်းတပ်မ ၁၀ မှ ၁၂၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပဲမခမ်းကျေးရွာမှ သားအမိနှစ်ဦးသေဆုံးကာ အမျိုးသမီး၂ဦးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း နတ်တလင်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။
” ဒရုန်းကြောင့်သေတာပါ။ ပဲမခမ်းရွာဘုန်းကြီးကျောင်းဘေးက ကွမ်းယာဆိုင်ကသားအမိပါ။ ၅၀ကျော်တယောက်နဲ့ ၃၀ဝန်းကျင်ပါ။ ဒဏ်ရာရတာလည်း အမျိုးသမီးတွေပဲ။ အသက်အရွယ်တော့ မသိရသေးဘူး။ ဆေးဝါးကုသနေတယ်။ ခုထိ သေဆုံးသူတွေ အလောင်းတောင် မကောက်နိုင်ဘူး။ စစ်ကြောင်းရောက်နေလို့။ စစ်ကြောင်းက အိမ်တွေထဲရှိ ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ ဖောက်ထွင်းသယ်ဆောင်နေပါတယ်။ စစ်ကြောင်းက ကန်သာယာရွာကနေတစ်ဆင့် ပဲမခမ်းရွာထဲကို ဝင်လာတာပါ” ဟု ၎င်းက ပြောသည်။
ယင်းစစ်ကြောင်းသည် ဧပြီ ၅ရက်၊ နံနက်ပိုင်းက ဒမငယ်ရွာအထိုင်စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာပြီး ကန်သာယာရွာသို့ ဝင်ရောက်ခဲ့ကာ ယင်းရွာနေ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့ကြောင်း ယနေ့(ဧပြီ၇ရက်)နံနက်ပိုင်းအထိ ယင်းပြည်သူများ ပြန်လည်လွတ်မြောက် လာခြင်း မရှိသေးကြောင်း သိရသည်။
” ပဲမခမ်းကို စစ်ကြောင်းထွက်သွားပေမဲ့ ကန်သာယာမှာ နောက်ချန်အင်အား ကျန်ခဲ့တယ်လို့ သိရပါ တယ်။ ဖမ်းခံထားရတဲ့ ပြည်သူတွေ အခြေအနေလည်း ဘာမှမသိရသေးပါဘူး။ မနက်အစော စစ် ကြောင်း ဝင်တော့ ပြည်သူရှောင်ချိန်မရတာ။ ဒမငယ်နဲ့ ကန်သာယာနဲ့က ၅မိုင်လောက်ပဲ ဝေးတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီ ၆ရက်၊ နံနက် ၁၁နာရီခွဲကလည်း အင်းမမြို့ အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၃စင်းသည် ပဲမခမ်းရွာကို ဗုံးသီး၉လုံး ကြဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ရှောင်ရှားပြီးဖြစ်သဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ် အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် တိုက်ခိုက်မှုများ ကြောင့် ကန်သာယာ၊ ပဲမခမ်း၊ ညောင်ဝိုင်း၊ စံကြီးလောင့်၊ ကျောက်စွယ်၊ ကျောက်ခွက်၊ သရက်ပုဂံရိုး၊ ကျွန်းလေးပင်၊ ဆည်းကန်၊ ထန်းတော၊ အိုးဖိုကုန်း၊ ရေနံကုန်း၊ လယ်မအင်း ၊ ဘန့်ဘွေးကုန်း၊ ရှားစေးဖို၊ ချောင်းကမ်းကြီး၊ သာယာကုန်းနှင့် ညောင်ဝိုင်းကျေးရွာနေ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
